
အမေရိကန်တပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၅ ရက်မှာ နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်းရှိ အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟဂ်ဆသ်ဟာ နိုင်ဂျီးရီးယားအစိုးရကို သူ့ရဲ့ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းကို ခရစ္စမတ်နေ့စစ်ဆင်ရေးအပြီးမှာ ဒုံးကျည်ပစ်လွှတ်မှု ဗီဒီယိုကိုလည်း အမေရိကန် စစ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
X လူမှုမီဒီယာပို့စ်တခုမှာ ဟဂ်ဆသ်က “နိုင်ဂျီးရီးယားနဲ့ တခြားနေရာတွေမှာ အပြစ်မဲ့ ခရစ်ယာန်တွေကို သတ်ဖြတ်မှုဟာ အဆုံးသတ်ရမယ်လို့ သမ္မတက ပြီးခဲ့တဲ့လက ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ နောက်ထပ်လည်း လာဦးမှာပါ။ စစ်ရေးဌာနက အမြဲတမ်း အသင့် ရှိနေတာကြောင့် ISIS ဟာ ဒီည ခရစ္စမတ်မှာ တွေ့ရှိသွားခဲ့ပြီ”လို့ ရေးထားပါတယ်။
အမေရိကန်စစ်တပ်ရဲ့ အာဖရိကကွပ်ကဲရေးဌာနက ဒီတိုက်ခိုက်မှုကို နိုင်ဂျီးရီးယားအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဆိုကိုတိုပြည်နယ်မှာ ပြုလုပ်ခဲ့ကာ ISIS စစ်သွေးကြွအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း ပြောပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး ယူးဆွတ်ဖ်မိုက်တာမာ တွတ်ဂါက “ဒီစစ်ဆင်ရေးဟာ အကြမ်းဖက်သမားတွေကို ပစ်မှတ်ထားတဲ့ ပူးတွဲကြိုးပမ်းမှုတခုဖြစ်ပြီး အချိန်အတော်ကြာ ကတည်းက စီစဉ်ထားတာဖြစ်တယ်”လို့ BBC ကို ပြောပါတယ်။
နိုင်ဂျီးရီးယားရဲ့ လူဦးရေဟာ မြောက်ပိုင်းမှာ အဓိကနေထိုင်တဲ့ မွတ်စလင်တွေနဲ့ တောင်ပိုင်းရှိ ခရစ်ယာန်တွေအကြား ကွဲပြားနေပြီး အစိုးရကတော့ လက်နက်ကိုင်အဖွဲ့တွေဟာ ဘာသာရေး အသိုင်းအဝိုင်း ၂ ခုလုံးကို ပစ်မှတ်ထားတာဖြစ်ပါတယ်။
Source:Reuters


