
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းဟာ ဥရောပသမဂ္ဂကော်မရှင်နာဟောင်း သီးရီး ဘော်တွန်နဲ့ တခြား သတင်းမှားဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဗီဇာပိတ်ပင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၄ ရက်မှာ ရှုတ်ချခဲ့ပါတယ်။
“ပြင်သစ်နိုင်ငံဟာ သီးရီး ဘော်တွန်နဲ့ တခြား ဥရောပပုဂ္ဂိုလ် ၄ ဦးအပေါ် အမေရိကန်ပြည်ထောင်စုက ဗီဇာကန့်သတ်မှု အစီအမံတွေကို ရှုတ်ချပါတယ်။ ဒီအစီအမံတွေဟာ ဥရောပ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာကို ထိခိုက်စေဖို့ ရည်ရွယ်တဲ့ ခြိမ်းခြောက်မှုနဲ့ အတင်းအကျပ် ပြုလုပ်မှုဖြစ်တယ်” လို့ မက်ခွန်းက လူမှုမီဒီယာပလက်ဖောင်း X မှာ ပြောကြားခဲ့ပါတယ်။
“ဥရောပကော်မရှင်နဲ့ ကျွန်ုပ်တို့ရဲ့ ဥရောပမိတ်ဖက်တွေနဲ့အတူ ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာနဲ့ ကျွန်ုပ်တို့ရဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆက်လက်ကာကွယ်သွားပါမယ်” လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အဲဒီနေ့ နှောင်းပိုင်းမှာ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် ကလည်း X ပို့စ်တခုမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို တုံ့ပြန်ခဲ့ပြီး “လွတ်လပ်စွာ ပြောဆိုခွင့်ဟာ ကျွန်ုပ်တို့ရဲ့ ခိုင်မာပြီး တက်ကြွတဲ့ ဥရောပဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါကို ကျွန်ုပ်တို့ ဂုဏ်ယူပါတယ်။ ဥရောပကော်မရှင်ဟာ ကျွန်ုပ်တို့ရဲ့ တန်ဖိုးတွေကို ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တာကြောင့် ကျွန်ုပ်တို့ ဒါကို ကာကွယ်သွားမှာ ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။


