
အမေရိကန်တပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်မှုအတွက် လက်စားချေတဲ့အနေနဲ့ အမေရိကန်စစ်တပ်ဟာ ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံတော် ပစ်မှတ်တွေကို ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ်ခဲ့တာကို ပြထားတဲ့ ဗီဒီယိုကို ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆီးရီးယားမှာ ISIS ရဲ့ သံသယဖြစ်ဖွယ် တိုက်ခိုက်မှုတခုကြောင့် အမေရိကန်ဝန်ထမ်းတွေ သေဆုံးခဲ့ရအပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်တုံ့ပြန်မယ်လို့ ကတိပြုပြီးနောက် ဒီဇင်ဘာ ၁၉ ရက်မှာ ပစ်မှတ်အများအပြားကို အကြီးစားတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ ပါဝင်မှုနဲ့အတူ မကြာသေးတဲ့လတွေအတွင်း ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံသူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က “ဒီတိုက်ခိုက်မှုတွေဟာ ISIS တိုက်ခိုက်ရေးသမားတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ လက်နက်နေရာတွေကို ပစ်မှတ်ထားတာဖြစ်ပြီး ဒီစစ်ဆင်ရေးဟာ အော်ပရေးရှင်း ဟော့ခ်အိုင်း စထရိုက်ခ်ဖြစ်တယ်”လို့ ပြောပါတယ်။
သမ္မတ ထရမ့်ပ်ကလည်း ဆီးရီးယားအစိုးရဟာ တိုက်ခိုက်မှုတွေကို အပြည့်အဝထောက်ခံကြောင်းနဲ့ အမေရိကန်ဟာ “အလွန်ပြင်းထန်တဲ့ လက်စားချေမှု” ကို ပြုလုပ်နေကြောင်း လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters


