
အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတ မာဒူရိုကို ဖမ်းဆီးသွားပြီးနောက် ပြည်သူတွေ တည်ငြိမ်အေးချမ်းမှုရှိရှိ နေကြဖို့ ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးက တောင်းဆိုလိုက်သလို နိုင်ငံခြားတပ်တွေကို ခုခံသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးကလည်း ပြောကြားလိုက်ပါတယ်။
တောင်အမေရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားကို အမေရိကန်က လေကြောင်းကနေ ညလုံးပေါက် ပစ်မှတ်ထား တိုက်ခိုက်ပြီးတဲ့နောက် နိုင်ငံသားတွေ တည်တည်ငြိမ်ငြိမ် နေကြဖို့ ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီး ဒီယို့စ်ဒါဒိုကာဘယ်လိုက ဇန်နဝါရီ ၃ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရဲ့ ပြည်သူလူထုက စနစ်တကျစီစဉ်ထားပြီး အသင့်ဖြစ်နေတယ်လို့လည်း အလေးပေးပြောသွား ပါတယ်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုကလည်း ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံခြားတပ်တွေ ရှိနေမှာကို ခုခံသွားမယ်လို့ ဇန်နဝါရီ ၃ ရက်အစောပိုင်း အစိုးရရုပ်မြင်သံကြား VTV မှာထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ပြောပါတယ်။
မနေ့မနက်အစောပိုင်းက အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ အရပ်သားနေရာတွေကို ထိမှန်ခဲ့ပြီး ဗင်နီဇွဲလားအစိုးရက သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ ပါဒရီနိုက ပြောပါတယ်။
ဗင်နီဇွဲလားအစိုးရက မာဒူရိုနဲ့ ဇနီးတို့ရဲ့ တည်နေရာကို မသိဘူးလို့ ဒုသမ္မတ ဒယ်လ်စီရိုဒရီဂက်ဇ်က မနေ့က နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောခဲ့ပြီး မာဒူရို အသက်ရှိကြောင်း သက်သေအထောက်အထားကို တောင်းဆိုခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို အမေရိကန် ဥပဒေစိုးမိုးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထရမ့်ပ်က ဖလော်ရီဒါပြည်နယ်ရှိ သူ့ရဲ့ မာအာလာဂိုအပန်းဖြေ စခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၁၉၈၉ ခုနှစ်မှာ စစ်ခေါင်းဆောင် မန်နျူရယ်နိုရီဂါကို ရာထူးကနေ ဖယ်ရှားဖို့ ပနားမားကို ကျူးကျော်ဝင်ရောက်ချိန် နောက်ပိုင်းမှာ အမေရိကန် အစိုးရဟာ လက်တင်အမေရိကမှာ အလားတူ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှုကို ပြန်လည်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


