
ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က စစ်ရေးအရ တိုက်ခိုက်ခဲ့တာဟာ နယ်ချဲ့ကျူးကျော်စစ်လုပ်ရပ် ဖြစ်တယ်လို့ မြန်မာအဖွဲ့အစည်းတချို့က ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂ ရက်နေ့ ဗင်နီဇွဲလားစံတော်ချိန် မနက် ၃ နာရီလောက်မှာ အမေရိကန်တပ်ဖွဲ့တွေက ကာရာကပ်စ်မြို့ရှိ စစ်ရေးအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ဗင်နီဇွဲလား အာဏာရှင် သမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးလိုက်ပြီလို့ ဒေါ်နယ်ထရမ့်ပ် ကြေညာခဲ့တဲ့အပေါ် အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ရှုပ်ထွေးမှုတွေ ဘယ်လောက်ရှိပါစေ၊ ဒီလုပ်ရပ်ဟာ နိုင်ငံတနိုင်ငံက တခြားတနိုင်ငံကို စစ်ရေးနည်းလမ်းဖြင့် အနိုင်ကျင့် ဖိအားပေးတာဖြစ်ပြီး၊ လက်တွေ့ ကျူးကျော်စစ်ပွဲတရပ်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကမ္ဘာတဝန်း လက်ယာအစွန်းရောက် ဖက်ဆစ်အင်အားစုတွေ အင်အားကြီးထွားလာနေပြီး၊ ဗင်နီဇွဲလားကနေ မြန်မာပြည်အထိ ပြည်သူတွေဟာ ဖက်ဆစ်အရင်းရှင်နဲ့ အာဏာရှင်စနစ်တွေရဲ့ ဖိနှိပ်မှုကို ခံနေရတယ်လို့လည်း ဆိုပါတယ်။
လစ်ဘရယ်နိုင်ငံရေးစနစ်ဟာ ဖက်ဆစ်ဝါဒနဲ့ စစ်ဝါဒကို တားဆီးနိုင်စွမ်းမရှိခဲ့ဘူး ဆိုတာကို မြန်မာနိုင်ငံသမိုင်းနဲ့ ကမ္ဘာ့သမိုင်းက သက်သေပြထားပြီး၊ အဖိနှိပ်ခံ ပြည်သူလူထုအချင်းချင်း သွေးစည်းညီညွတ်မှုကသာ ဖက်ဆစ်ဝါဒကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ လုပ်ရပ်ဟာ အမေရိကန် ဗိုလ်ကျလွှမ်းမိုးရေးဝါဒရဲ့ ဖက်ဆစ်လက္ခဏာကို ထင်ထင်ရှားရှား ပြသလိုက်တာဖြစ်ပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလားတနိုင်ငံကိုသာ မဟုတ်ဘဲ အမေရိကန်ရဲ့ တဖက်သတ်အကျိုးစီးပွားကို ဆန့်ကျင်တဲ့ ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကိုမဆို နှိပ်ကွပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတရပ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်က သတိပေးထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ၊ သွေးစွန်းငွေကမ်ပိန်း အပါအဝင် လူငယ်၊ လူထုအဖွဲ့အစည်း ၇ ဖွဲ့က ပူးတွဲလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။


