
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က ဇန်နဝါရီ ၃ ရက် ဗင်နီဇွဲလားမြို့တော်ကို တိုက်ခိုက်မှုမလုပ်ခင်လတွေကတည်းက ကာရစ်ဘီယံဒေသမှာ အမေရိကန်စစ်ရေးအင်အား တိုးချဲ့ခဲ့ပါတယ်။
အမေရိကန်စစ်လေယာဉ်တွေက မြို့တော် ကာရာကပ်စ်နဲ့ အနီးတဝိုက်က ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ပြီး အထူးတပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ကာ ဗင်နီဇွဲလားနိုင်ငံအတွင်း နောက်ထပ် စစ်ဆင်ရေးတွေအတွက် အသင့်ဖြစ်နေတာပါ။
နောက်ထပ်စစ်ဆင်ရေးတွေ ရှိလာနိုင်တယ်လို့ ထရမ်ပ်ကပြောရင်း “ကျနော်တို့က မြေပြင်ပေါ်က ဘွတ်ဖိနပ်တွေကို မကြောက်ဘူး” လို့ ဇန်နဝါရီ ၃ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် စစ်ရေးစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ကာရစ်ဘီယံဒေသထဲမှာ အချိန်အကြာကြီး စွန့်ပစ်ထားတဲ့ စစ်အေးခေတ် ရေတပ်စခန်းကို အဆင့်မြှင့်တင်နေတယ်လို့ မျက်မြင်စုံစမ်းစစ်ဆေးမှုတခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ရုစဗဲ့လမ်း ရေတပ်စခန်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အမေရိကန်ရေတပ်စခန်းတွေထဲက တခုပါ။
ဒီအခြေစိုက်စခန်းဟာ မဟာဗျူဟာကျတဲ့ နေရာမှာရှိပြီး ပစ္စည်းကိရိယာတွေစုဖို့ နေရာအများကြီး ရှိတယ်လို့ အမေရိကန် အရာရှိတယောက်က ရိုက်တာကို ပြောပါတယ်။
ရေတပ်စခန်းမှာ လေယာဉ်တွေ ဆင်းသက်၊ ပျံတက်တဲ့ စွမ်းရည်တွေကို အဆင့်မြှင့်တင်တာအပြင် အမေရိကန်ဟာ ဗာဂျင်ကျွန်းစုက ပွါတိုရီကိုနဲ့ စိန့်ခရွိုက်စ် တို့မှာရှိတဲ့ အရပ်ဘက်လေဆိပ်တွေမှာလည်း အဆောက်အအုံတွေကို တည်ဆောက်နေပါတယ်။ အမေရိကန်နယ်မြေနှစ်ခုဟာ ဗင်နီဇွဲလားကနေ မိုင် ၅၀၀ လောက်အကွာမှာ တည်ရှိပါတယ်။
သြဂုတ်လမှာ စစ်သင်္ဘောတွေ၊ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း၊ တိုက်လေယာဉ်တွေနဲ့ သူလျှိုလေယာဉ်တွေ ရောက်လာပြီး ကာရစ်ဘီယံမှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှု စတင်ခဲ့ပါတယ်။
တပ်ဖွဲ့ဝင် ၁၀,၀၀၀ လောက်၊ လေယာဉ်နဲ့ လက်နက်စနစ်တွေ အများကြီးပါတဲ့ ဖို့ဒ်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုဟာလည်း အဒရီယက်တစ်ပင်လယ်ကနေ ထွက်သွားခဲ့ပါတယ်။
ဂြိုဟ်တုပုံရိပ်တွေနဲ့ သင်္ဘောခြေရာခံဒေတာတွေအရ ဖို့ဒ်ရဲ့ ဖျက်သင်္ဘောတစင်းလည်း အောက်တိုဘာ ၂၉ ရက်မှာ ဂျီဘရော်လ်တာ ရေလက်ကြားကနေ ထွက်သွားခဲ့ပါတယ်။
သြဂုတ်လကစပြီး ထရမ့်ပ်အစိုးရဟာ ရေတပ်စခန်းအမျိုးမျိုးနဲ့ ကမ္ဘာလုံးဆိုင်ရာ တပ်ဖြန့်ချထားတဲ့ နေရာတွေကနေ အကြီးဆုံးသင်္ဘောဖြစ်တဲ့ ဂျရဒ်ဖို့ဒ် လေယာဉ်တင်သင်္ဘော အပါအဝင် စစ်သင်္ဘော ၁၃ စင်း၊ ထောက်ပံ့ရေးသင်္ဘော ၅ စင်းနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းကို ဒေသတွင်းဆီ စေလွှတ်ခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။
Source: Reuters


