
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လိုအပ်လာရင် ဒုတိယလှိုင်း ထပ်မံတိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာ “အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်နဲ့ အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်လိုတယ်လို့ ဗင်နီဇွဲလား ယာယီသမ္မတက ကမ်းလှမ်းလိုက်ပါတယ်။
ဒါဟာ ဗင်နီဇွဲလားသမ္မတဟောင်း နီကိုလပ်စ် မာဒူရိုကို အမေရိကန်တပ်တွေ ဖမ်းခေါ်သွားချိန်တုန်းက ပြောခဲ့တဲ့လေသံနဲ့ လုံးဝကွဲလွဲနေပြီး ရင်ကြားစေ့ရေးလေသံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒုသမ္မတကနေ ယာယီသမ္မတ တာဝန်ယူထားတဲ့ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က သူ့အစိုးရဟာ အမေရိကန်နဲ့ လေးစားမှုရှိတဲ့ ဆက်ဆံရေးတရပ်ဆီ ရှေ့ရှုနိုင်ဖို့ ဦးစားပေးထားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ကျမတို့ပြည်သူတွေနဲ့ ဒေသဟာ စစ်ပွဲကို မလိုလားဘဲ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကိုပဲ ထိုက်တန်ပါတယ်” လို့ ရိုဒရီဂွက်ဇ်က တိုက်ရိုက် ပြောဆိုခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ အမေရိကန်ရဲ့လုပ်ရပ်ဟာ နိုင်ငံ့သယံဇာတတွေကို တရားမဝင်ရယူဖို့ ကြိုးပမ်းမှုလို့ ဝေဖန်ခဲ့ရာကနေ အခုလို လေသံပြောင်းလဲလာတာ ဖြစ်ပါတယ်။
ရေနံဝန်ကြီးတာဝန်ပါ ယူထားတဲ့ ရိုဒရီဂွက်ဇ်ဟာ မာဒူရိုရဲ့ အတွင်းစည်းထဲမှာ လက်တွေ့အကျဆုံးလူလို့ အရင်ကတည်းက သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ရေနံလုပ်ငန်းတံခါးဖွင့်ဖို့နဲ့ မူးယစ်မှောင်ခိုမှု ရပ်တန့်ရေးမှာ ဗင်နီဇွဲလားဘက်က မပူးပေါင်းဘူးဆိုရင် နောက်ထပ် စစ်ရေးအရ အရေးယူမှုတွေလုပ်မယ်လို့ ထရမ့်ပ်က သတိပေးထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ မူးယစ်မှောင်ခိုအဖွဲ့အစည်းတွေအပေါ် တိုက်ခိုက်မှုသာဖြစ်ပြီး ဗင်နီဇွဲလားနဲ့ စစ်ဖြစ်နေတာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကို ဇန်နဝါရီ ၅ ရက်မှာ နယူးယောက်တရားရုံး တင်ပို့မဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး အခုလို အပြန်အလှန် ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။
မာဒူရိုဟာ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ စွဲချက်တင်ခံထားရပြီး ထရမ့်ပ် ကတော့ ဗင်နီဇွဲလားဆီကနေ အရင်က အသိမ်းခံထားရတဲ့ အမေရိကန်ပိုင်ဆိုင်မှုတွေကို ပြန်ယူမယ်လို့ ပြောဆိုထားပါတယ်။
မာဒူရိုဟာ လက်ရှိမှာ နယူးယောက်မြို့ရှိ ထိန်းသိမ်းရေးစခန်းတခုကို ရောက်ရှိနေပြီး တနင်္လာနေ့မှာ မူးယစ်ဆေးဝါးမှုနဲ့ ရုံးထုတ်စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ဂေါက်သီးရိုက်ထွက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ စနေနေ့က မာဒူရိုကို ဗင်နီဇွဲလားနိုင်ငံအတွင်းမှ ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပြီး အမေရိကန်အနေနဲ့ အဲဒီနိုင်ငံကို ထိန်းချုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်ပ်က အသက် ၅၈ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာရီယာ ကိုရီနာမာချာဒိုကို အာဏာလွှဲပြောင်းယူမဲ့ အယူအဆကို ထောက်ခံမှုမရှိဘဲ ပယ်ချခဲ့တဲ့အတွက် ဗင်နီဇွဲလား အတိုက်အခံအင်အားစုတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
မာချာဒိုဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပေမဲ့ အတိုက်အခံတွေနဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတချို့က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်လို့ ဆိုကြတဲ့ သူ့ရဲ့ မဟာမိတ် အသက် ၇၆ နှစ်အရွယ် အက်ဒမွန်ဒို ဂွန်ဇာလက်ဇ်ကသာ သမ္မတအဖြစ် တာဝန်ယူဖို့ ဒီမိုကရေစီနည်းကျ လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားထားပါတယ်။
Source: Reuters


