
ကိုလံဘီယာနိုင်ငံဟာ အမေရိကန်ထောက်လှမ်းရေးနဲ့ နည်းပညာကိုသုံးပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တိုက်ဖျက်ရာမှာ အမေရိကန်ပြည်ထောင်စုနဲ့အတူ ဆက်ဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ကိုလံဘီယာပြည်ထဲရေးဝန်ကြီး အာမန်ဒိုဘဲနဲဒစ်တီက တရားရေးဝန်ကြီးအန်ဒရေ အီဒါရာဂါနဲ့အတူ ရပ်ရင်း “ကျနော်တို့က မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ရာမှာ ဆက်ပြီး ညှိုနှိုင်းဆောင်ရွက်သွားပ့ါမယ်”လို့ သတင်းထောက်တွေဆီပို့တဲ့ ဗီဒီယိုတခုမှာ ပြောပါတယ်။
ကိုလံဘီယာနိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းတွေ၊ ရာဇဝတ်အဖွဲ့အစည်းတွေနဲ့ စခန်းတွေကို ပစ်မှတ်ထားမယ်လို့လည်း ဘဲနဲဒစ်က ပြောပါတယ်။
ဒီကပ်ဘေးကို တိုက်ဖျက်ရာမှာ အထူးသဖြင့် ကိုလံဘီယာ- ဗင်နီဇွဲလားနယ်စပ်ကို ဆက်ပြီး အလေးပေးသွားမယ်လို့ တရားရေးဝန်ကြီး အီဒါရာဂါက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၄ ရက်မှာ ကိုလံဘီယာသမ္မတ ဂုစတာဗို ပေထရိုကို နေမကောင်းလို့ တာဝန်မထမ်းဆောင်နိုင်သူလို့ ခေါ်ဝေါ်ပြောဆိုခဲ့ပြီး နိုင်ငံအတွင်း အမေရိကန်စစ်ရေး စစ်ဆင်ရေးတခုဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကိုလံဘီယာနိုင်ငံက ထရမ့်ပ်ရဲ့မှတ်ချက်တွေကို ဝေဖန်ခဲ့ပြီး အမေရိကန်ရဲ့ ကျူးကျော် ဝင်ရောက်မှုတွေဟာ မလျော်ကန်တဲ့ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ ပြောပါတယ်။
ကိုကင်းထုတ်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်းဖြစ်တဲ့ ကိုကာရွက် စိုက်ပျိုးမှုဟာ မကြာသေးမီနှစ်တွေ အတွင်း မြင့်တက်လာတာနဲ့အမျှ အမေရိကန်က မူးယစ်ဆေးဝါးရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ ကိုလံဘီယာကို ဖိအားပေးနေပါတယ်။
ကိုလံဘီယာအစိုးရက ၂၀၂၅ ခုနှစ်မှာ မက်ထရစ်တန်ချိန် ၁,၀၀၀ နီးပါး အပါအဝင် မကြုံစဖူး ပမာဏရှိတဲ့ ကိုကင်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆက်ပြောဆိုထားပါတယ်။
Source: Reuters


