Home
ဆောင်းပါး
ကမ္ဘာကြီး ၂ ခြမ်းကွဲသွားစေတဲ့ ဗင်နီဇွဲလားအာဏာရှင် ဖမ်းဆီးမှု 
သန်းဝင်းထွဋ်
·
January 6, 2026

အမေရိကန်တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနဲ့ ဇနီး စီလီယာ ဖလိုရက်စ်တို့ဟာ "မူးယစ်ဆေးဝါးမှုနဲ့ လက်နက်မှု" စွဲချက်တွေနဲ့ အမေရိကန်တရားရုံးမှာ ဇန်နဝါရီ ၅ ရက်က တရားစွဲဆိုခံနေရပါပြီ။ မာဒူရိုကတော့ ဒီစွဲချက်တွေအပေါ် "အပြစ်မရှိကြောင်း" ငြင်းဆိုထားပြီး သူ့ရဲ့ရှေ့နေတွေကလည်း ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။ တချိန်တည်းမှာ ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်မှာ ခေါ်ယူဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ရဲ့ အခုလို လျှပ်တပြက်ဖမ်းဆီးမှုဟာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနဲ့ ဥပဒေရေးရာ နယ်ပယ်မှာ အငြင်းပွားစရာတွေနဲ့ ပဲ့တင်ရိုက်ခတ်သွားစေပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ တုံ့ပြန်မှု ၊ သဘောထားကွဲလွဲမှု 

ဗင်နီဇွဲလားအာဏာရှင် မာဒူရို ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် အထူးစစ်ဆင်ရေးအပေါ်မှာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အင်အားသုံးမှု တားမြစ်ချက်၊ အချုပ်အခြာအာဏာနဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမှုကို ချိုးဖောက်မှုတခုအနေနဲ့ ရှူမြင်တဲ့ နိုင်ငံတွေရှိသလို အာဏာရှင်တယောက်ရဲ့ ဇာတ်သိမ်းကို ထောက်ခံအားပေးသူတွေလည်းရှိပါတယ်။ နိုင်ငံတကာအသိုက်အဝန်းမှာ ထောက်ခံသူတွေ၊ ကန့်ကွက်သူတွေဆိုပြီး အုပ်စု ၂ ခု ကွဲထွက်သွားတဲ့အပြင် ကန့်ကွက်တာလည်းမဟုတ်၊ ထောက်ခံတာလည်းမဟုတ် ထိန်းထိန်းသိမ်းသိမ်း ဝေဖန်တဲ့ နိုင်ငံတွေကိုလည်း တွေ့ရပါတယ်။

ကန့်ကွက်သူအုပ်စု 

ဒီစစ်ဆင်ရေးဟာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ကျူးကျော်တာလို့ မြင်ကြတဲ့ နိုင်ငံတွေကတော့ ကန့်ကွက်တုံ့ပြန်ကြပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဗီတိုပါဝါ အင်အားကြီးနိုင်ငံတွေထဲက ရုရှားနဲ့ တရုတ်ကတော့ ဒီလုပ်ရပ်ကို "နယ်ချဲ့စော်ကားမှု" နဲ့ "အချုပ်အခြာအာဏာ ချိုးဖောက်မှု" လို့ ခေါ်ဆိုလိုက်ပြီး မာဒူရိုကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ အမေရိကန်ရဲ့ ဗီတိုအာဏာကြောင့် လုံခြုံရေးကောင်စီမှာ အရေးယူဖို့ ခက်ခဲနေတဲ့ အချက်ကိုလည်း သူတို့က ထောက်ပြနေပါတယ်။ ကျူးဘား၊ ဘရာဇီး၊ ကိုလံဘီယာ၊ မက္ကဆီကိုနဲ့ ချီလီ၊ တောင်အာဖရိကစတဲ့ နိုင်ငံတွေကတော့ တဖက်သတ် စစ်ရေးဆောင်ရွက်မှုဟာ နိုင်ငံတကာဥပဒေကို ကျော်လွန်ပြီး အကြမ်းဖက်ကျူးလွန်တဲ့ လုပ်ရပ်အဖြစ် ဆန့်ကျင်ရှုတ်ချကြပါတယ်။ အာဖရိကသမဂ္ဂနဲ့ ဂါနာနိုင်ငံကလည်း ဒါဟာ ကိုလိုနီခေတ်ကလို သယံဇာတတွေကို ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်ပဲလို့ ဝေဖန်ပါတယ်။

ထောက်ခံသူအုပ်စု 

ဗင်နီဇွဲလား အတိုက်အခံအနေနဲ့ အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာမာချာဒိုက "အမေရိကန်ဟာ တရားဥပဒေစိုးမိုးရေး ကတိကို ဖြည့်ဆည်းပေးလိုက်တာပဲ" လို့ ချီးကျူးခဲ့ပါတယ်။ ထရမ့်ပ်ရဲ့ မဟာမိတ် အာဂျင်တီးနားသမ္မတ ဟာဗီယာမီလေက ဒီလုပ်ရပ်ဟာ "လွတ်လပ်တဲ့ ကမ္ဘာအတွက်သတင်းကောင်း" လို့ ဆိုပြီး မူးယစ်-အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ အဆုံးအဖြတ်ပေးတဲ့ ခြေလှမ်းပဲလို့ ထောက်ခံလိုက်ပါတယ်။ အစ္စရေး၊ အယ်လ်ဆာဗေဒို၊ အီကွေဒေါ၊ ပါရာဂွေးနဲ့ ဂိုင်ယာနာတို့အပြင် ထရီနီဒက်နဲ့တိုဘာဂိုတို့ကလည်း ဒီလုပ်ရပ်ကို ကြိုဆိုကြပြီး ဒေသတွင်း လုံခြုံရေးအတွက် အရေးပါတယ်လို့ ပြောဆိုကြပါတယ်။

မကန့်ကွက် မထောက်ခံ ထိန်းသိမ်းဝေဖန်တဲ့ အုပ်စု 

အမေရိကန်ရဲ့ ရေရှည်မဟာမိတ်နိုင်ငံတွေထဲက ဥရောပသမဂ္ဂ (EU) ကတော့ မာဒူရိုအစိုးရကို တရားမဝင်ဘူးလို့ ယူဆပေမဲ့ စစ်ရေးနည်းထက် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာတာကို ပိုလိုလားတယ်လို့ ပြောပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ ဗင်နီဇွဲလားခေါင်းဆောင်မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ နည်းလမ်းအပေါ် ပြင်သစ်နိုင်ငံအနေနဲ့ ထောက်ခံတာ၊ အတည်ပြုတာမျိုး မရှိပေမဲ့ အာဏာရှင် မာဒူရို မရှိတော့တာဟာ "ဗင်နီဇွဲလားပြည်သူတွေအတွက် သတင်းကောင်း" ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဒီစစ်ဆင်ရေးမှာ ဗြိတိန်မပါဝင်ကြောင်း ရှင်းလင်းထားသလို၊ ဂျာမနီကလည်း နိုင်ငံတကာဥပဒေကို လေးစားဖို့ တောင်းဆိုထားပါတယ်။ ကနေဒါ၊ ပီရူး၊ ဂွာတီမာလာ နိုင်ငံတွေကတော့ စစ်ဆင်ရေးရဲ့ တရားဝင်မှုကို တိုက်ရိုက်မေးခွန်းမထုတ်ပေမဲ့ နိုင်ငံတကာဥပဒေ မူဘောင်အတွင်းကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးစားပေးဖို့ လိုအပ်တယ်လို့ ထိန်းသိမ်းဝေဖန်ပါတယ်။

ထုံးစံအတိုင်း စိုးရိမ်နေကျ ကုလသမဂ္ဂအတွက်လည်း နောက်ထပ် စိုးရိမ်သောက တခုတိုးလာပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဒါဟာ "အန္တရာယ်ရှိတဲ့ စံနမူနာ" ဖြစ်သွားမှာကို စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဘက်က ချေပချက်နဲ့ ဥပဒေရေးရာ အရှုပ်အထွေး 

အမေရိကန်အစိုးရကတော့ ဒါဟာ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘဲ "တရားစီရင်ရေး လုပ်ငန်း"သက်သက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၈၉ ခုနှစ်က ပနားမားခေါင်းဆောင် မန်နျူရယ် နိုရီယေးဂါးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်ကို နမူနာအဖြစ် ထောက်ပြပါတယ်။ ကန့်ကွက်ဝေဖန်သူတွေက လုံခြုံရေးကောင်စီ ခွင့်ပြုချက်မရှိဘဲ ဝင်တိုက်တာဟာ UN ပဋိညာဉ်စာတမ်း အပိုဒ် (၂၄) ကို ချိုးဖောက်တာလို့ ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်ကတော့ ကုလသမဂ္ဂရဲ့ "ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်" (အပိုဒ် ၅၁) ကို သုံးပြီး မူးယစ်မှောင်ခိုမှုဟာ နိုင်ငံကို တိုက်ခိုက်တာဖြစ်လို့ ခုခံတာလို့ ချေပပါတယ်။ တချို့ ဥပဒေပညာရှင်တွေကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတခုရဲ့ သမ္မတကို ဝင်ဖမ်းတာဟာ "မိမိကိုယ်ကို ကာကွယ်ခွင့်" အကြောင်းပြချက် မခိုင်လုံဘူးလို့ ဝေဖန်နေကြပါတယ်။

နိုင်ငံတော်အကြီးအကဲတယောက်ရဲ့ ကင်းလွတ်ခွင့်အရလည်း ဗင်နီဇွဲလား သမ္မတ မာဒူရိုမှာ နိုင်ငံတကာ ကင်းလွတ်ခွင့် ရှိသလားဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ အမေရိကန် ဘက်ကတော့ မာဒူရိုကို တရားဝင်သမ္မတလို့ အသိအမှတ်မပြုထားခဲ့တာကြောင့် ဒီကင်းလွတ်ခွင့်နဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ပထဝီနိုင်ငံရေး အားပြိုင်မှု 

မာဒူရိုကို ဝင်ဖမ်းတဲ့ စစ်ဆင်ရေးကြောင့် သူ့မဟာမိတ် ရုရှားနဲ့ တရုတ် အကျိုးစီးပွားတွေကို တိုက်ရိုက် ထိခိုက်စေမဲ့ အလားအလာတွေလဲ ရှိနေပါတယ်။ ဗင်နီဇွဲလားမှာ ရုရှားရဲ့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနဲ့ စစ်ဘက်ကျွမ်းကျင်သူတွေ ရှိနေတာကြောင့် ရုရှားက ဒါကို တိုက်ရိုက် စိန်ခေါ်မှုလို့ မြင်နိုင်ပါတယ်။ ဗင်နီဇွဲလားက တရုတ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ကြွေးတင်နေပြီး ရေနံပို့ကုန်နဲ့ အကြွေးဆပ်နေရတာကြောင့် တရုတ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေ ထိခိုက်မှာကိုလည်း စိုးရိမ်စရာတွေ ရှိနေပါတယ်။

တချိန်တည်းမှာ လက်တင်အမေရိကနိုင်ငံတွေမှာ ဥရောပကိုလိုနီ နယ်ချဲ့မှုကို ဆန့်ကျင်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ မွန်ရိုးမူဝါဒရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အမေရိကန် နိုင်ငံခြားရေးမူဝါဒ ကြေညာချက်မှာဖော်ပြခဲ့တဲ့ သမ္မတ ထရမ့်ပ်ရဲ့ ဖြည့်စွက်ချက် "Trump Corollary" နဲ့ ခေတ်သစ် မွန်ရိုးမူဝါဒကို ကျင့်သုံးပြီး အနောက်ကမ္ဘာခြမ်းမှာ အမေရိကန်သြဇာ ပြန်လည်ထူထောင်ဖို့ ပြင်ဆင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

မာဒူရို အဖမ်းခံရပြီးနောက်မှာ ဒုသမ္မတ ဒဲလ်စီ ရိုဒရီဂွက်ဇ်က ယာယီသမ္မတ ဖြစ်လာပေမဲ့ နိုင်ငံရေး အကျပ်အတည်းကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဖိနှိပ်ခံ ပြည်သူလူထုကတော့ လမ်းမပေါ်ထွက်ပြီးအောင်ပွဲမခံရဲကြပါဘူး။ အမေရိကန်ကလည်း ဗင်နီဇွဲလားကို အုပ်ချုပ်သွားမယ်၊ ရေနံထုတ်လုပ်မှုကဏ္ဍကို ထိန်းချုပ်မယ်လို့ ဆိုထားပေမဲ့ ဗင်နီဇွဲလား သမ္မတသစ်ကတော့ အမေရိကန်အမိန့်ကို မနာခံဘဲ ဖမ်းဆီးခံ သမ္မတ မာဒူရိုကို ပြန်လွှတ်ဖို့ တောင်းဆိုနေပါတယ်။

နိုင်ငံတကာ စည်းမျဉ်းတွေအတွက် စမ်းသပ်ချက် 

မာဒူရိုကို အမေရိကန်အစိုးရက ဖမ်းဆီးလိုက်တာဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြားက နက်ရှိုင်းတဲ့ အက်ကြောင်းတွေကို ပေါ်လွင်စေပါတယ်။ နိုင်ငံတကာဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း စနစ်တွေရဲ့ အနာဂတ်အတွက် အကြီးမားဆုံး စမ်းသပ်ချက်တရပ် ဖြစ်လာပြီး ကမ္ဘာကြီးအတွက် မရေရာတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အလားအလာတွေ မြင့်တက်လာပါတယ်။

ဒါဟာ တရားစီရင်ရေးအတွက် တရားခံကို ဖမ်းတာလို့ အမေရိကန်က ပြောပေမဲ့ ရုရှားနဲ့ တရုတ်တို့ကတော့ နိုင်ငံတကာဥပဒေကို ချိုးဖောက်လိုက်တာလို့ မြင်နေကြပါတယ်။ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ မူးယစ်ရာဇာအဖြစ် စွပ်စွဲခံထားရသူ၊ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်သူ အာဏာရှင် ခေါင်းဆောင်တဦးရဲ့ အချုပ်အခြာ နယ်နမိတ်ထဲကို တခြားနိုင်ငံက ဝင်ရောက် ဖမ်းဆီးတယ်ဆိုတာ တရားမျှတတယ်လို့ မြင်နိုင်သလား၊ ဒါမှမဟုတ် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုလို့ မြင်သင့်သလား ဆိုတာကတော့ ကမ္ဘာ့ပြည်သူတွေကြားမှာ ဆက်လက်ဝေဖန်ဆွေးနွေးစရာ ဖြစ်နေပါတယ်။

ဒီဗွီဘီပရိသတ်တွေအနေနဲ့လည်း  အမေရိကန်က ဗင်နီဇွဲလားကို ဝင်တိုက်ပြီး အာဏာရှင် မာဒူရိုကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ရေးသားထားနိုင်ပါတယ်။

သန်းဝင်းထွဋ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013