
ဖမ်းဆီးဖြုတ်ချခံ နီကိုလပ်စ်မာဒူရိုက အမေရိကန်တရားရုံးမှာ အပြစ်မရှိဘူးလို့ ထွက်ဆိုနေချိန်မှာပဲ ဗင်နီဇွဲလားနိုင်ငံမှာ ယာယီသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်က ကျမ်းကျိန်ခဲ့ပါတယ်။
အမေရိကန်က ဖမ်းဆီးသွားတဲ့ မာဒူရိုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုနဲ့ စတင်ခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဒယ်လ်စီရိုဒရီဂွက်ဇ်က ယာယီသမ္မတအဖြစ် ကျမ်းကျိန်ခဲ့တာပါ။
ရိုဒရီဂွက်ဇ်က မာဒူရိုနဲ့ ဇနီးသည် စီလီယာဖလောရက်စ်တို့ ပြန်ပေးဆွဲခံရတဲ့အတွက် နာကျင်မိကြောင်း ပြောကြားခဲ့ပေမဲ့ အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
ကျမ်းကျိန်ပွဲမတိုင်မီ ၂ နာရီလောက်အလို ဇန်နဝါရီ ၅ ရက်က နယူးယောက်မြို့ တရားခွင်မှာတော့ မာဒူရိုကသူဟာ “သမ္မတ ဖြစ်နေဆဲ”၊ “စစ်သုံ့ပန်း” ဖြစ်ကြောင်း ပြောဆိုပြီး စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
မာဒူရိုရဲ့ ဇနီးသည် စီလီယာ ဖလောရက်စ်ဟာ ဖမ်းဆီးခံရချိန်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး နံရိုးကျိုးတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ရှေ့နေက တရားရုံးမှာ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂမှာတော့ အမေရိကန် သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က မာဒူရိုဟာ တရားမဝင်ခေါင်းဆောင်၊ တရားခံပြေးဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဗင်နီဇွဲလားရေနံလုပ်ငန်း ပြန်လည်ကောင်းမွန်ဖို့ အမေရိကန်ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်မယ်လို့ ပြောဆိုပြီး “ကျုပ်တို့က အုပ်ချုပ်မှာပါ” လို့ အတိအလင်း ကြေညာခဲ့ပါတယ်။
ရိုဒရီဂွက်ဇ်သာ မှန်မှန်ကန်ကန် မလုပ်ရင် မာဒူရိုထက် ပိုကြီးမားတဲ့ ပေးဆပ်မှုမျိုး ကြုံရလိမ့်မယ်လို့လည်း ထရမ့်ပ်က သတိပေးထားပါတယ်။ မာဒူရိုရဲ့ နောက်ထပ် ရုံးချိန်းကိုတော့ မတ် ၁၇ ရက်မှာ ပြန်လည် ချိန်းဆိုထားပါတယ်။


