
ဆိုရှယ်လစ်တယောက် ဖြစ်သလို ကက်သလစ်ဘာသာဝင်လည်း ဖြစ်တဲ့ ဗင်နီဇွဲလား သမ္မတဟောင်း နီကိုလပ်စ် မာဒူရိုဟာ ဇနီးသည် စီလီယာဖလော်ရက်စ် နဲ့အတူ အိန္ဒိယက ဘိုးတော်ဆိုင်းဘာဘာကို ယုံကြည်ကိုးစားတဲ့ တပည့်သာဝကတွေ ဖြစ်တယ်လို့ အိန္ဒိယမီဒီယာတွေက ဖော်ပြလာကြပါတယ်။
မာဒူရိုဟာ လက်မထပ်ခင်ကတည်းက ဇနီးသည်ကတဆင့် ဆိုင်းဘာဘာကို စတင်ယုံကြည်သက်ဝင်ခဲ့တာလို့ ဆိုပါတယ်။
သမ္မတမဖြစ်ခင် ၂၀၀၅ ခုနှစ်တုန်းကလည်း မာဒူရိုတို့ဇနီးမောင်နှံဟာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒက်ရှ်ပြည်နယ်က ဆိုင်းဘာဘာကျောင်းတိုက်အထိ သွားရောက်ပြီး ဆိုင်းဘာဘာနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။
သူတို့နှစ်ဦး ဆိုင်းဘာဘာရဲ့ဘေးမှာ ကြမ်းပြင်ပေါ် ထိုင်နေတဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း အခုရက်ပိုင်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဆိုင်းဘာဘာ ကွယ်လွန်ချိန်တုန်းကလည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ မာဒူရိုက လွှတ်တော်မှာ ဝမ်းနည်းကြောင်းအထိမ်းအမှတ် အမိန့်စာထုတ်ပြန်ဖို့ လုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ်က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလားအမျိုးသားနေ့ အခမ်းအနား ဖိတ်စာတွေမှာလည်း ဟိန္ဒူဘာသာရေးအမှတ်အသား “ဥုံ” စာလုံးကို ထည့်သွင်းရိုက်နှိပ်တဲ့အထိ သက်ဝင်ယုံကြည်ခဲ့သူလည်း ဖြစ်ပါတယ်။
မာဒူရို အဖမ်းမခံရခင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း ဆိုင်းဘာဘာရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲကို ကျင်းပပေးခဲ့ပြီး ဆိုင်းဘာဘာ ဟာ “အလင်းရောင်ပေးတဲ့သူ” (Being of light) ဖြစ်တယ်လို့တောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မာဒူရိုရဲ့ ရုံးခန်းထဲမှာလည်း ဆိုင်းဘာဘာရဲ့ ပုံတူပန်းချီကားကို ချိတ်ဆွဲထားသလို လက်ရှိအချိန်ထိ ဗင်နီဇွဲလားနိုင်ငံမှာ ဆိုင်းဘာဘာကို ကိုးကွယ်သူအများအပြား ရှိနေဆဲ ဖြစ်ပါတယ်။


