
နိုင်ငံတကာ အဖွဲ့အစည်း ၆၀ ကျော်ကနေ အမေရိကန် နုတ်ထွက်သွားမှုနဲ့အတူ ရန်ပုံငွေထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်သလို မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။
ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း ၃၁ ခု၊ တခြားအဖွဲ့အစည်း ၃၅ ခု၊ စုစုပေါင်း နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်ပြည်ထောင်စုနုတ်ထွက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက်နေ့ မှာ အမိန့်စာထုတ်ပြန်ခဲ့တာပါ။
ဒီနုတ်ထွက်မှုကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ရပ်တည်နေရတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်သလို သွယ်ဝိုက်သက်ရောက်မှုတွေလည်း ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုအရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဒီမိုကရေစီအရေးတွေမှာ တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်ပြီး တော်လှန်ရေးအစုအဖွဲ့တွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေရေးလမ်းကြောင်းအသစ်တွေ အချိန်မီပြောင်းလဲနိုင်ဖို့ လိုအပ်နေပါတယ်။
မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အမေရိကန်အကျိုးစီးပွားတ ခုတည်းကိုပဲ ကြည့်ပြီးတော့မှ ဒီလိုထွက်လိုက်မယ်ဆိုရင် အများကြီး ထိခိုက်နိုင်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီက မဟုတ်တာတွေ လုပ်တဲ့ဟာတွေကို ဖော်ထုတ်နိုင်နေတဲ့ကိစ္စတွေ၊ ဖိအားတွေပေးတာတွေက လျော့နည်းသွားမယ်။ ဒီကိစ္စတွေကိုကျူးလွန်နေတဲ့ ဒုစရိုက်ကောင်တွေက မကြောက်တော့ဘူးပေါ့။ ကျမတို့အနေနဲ့ဆက်ပြီးတော့ ဘယ်လိုခရီးဆက်မလဲ၊ ရန်ပုံငွေတွေကို ဘယ်လိုရှာမလဲ။ ကျမတို့ တော်တော်လေးကို ပြင်ဆင်ပြီးတော့ ဆထက်ထမ်းပိုး ဆက်ကြိုးစားရမှာပေါ့နော်၊ အကျပ်အတည်းတွေ ဖြစ်သွားပါတယ်ရှင့်” လို့ ပြောပါတယ်။
အဓိကအလှူရှင်ဖြစ်တဲ့ အမေရိကန်က နုတ်ထွက်လိုက်တဲ့ အဖွဲ့အစည်းတွေထဲမှာ တော်လှန်ရေးအစုအဖွဲ့တွေကို နည်းပညာနဲ့ ရန်ပုံငွေထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေလည်း အများအပြားပါဝင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ တရားဝင်မှုဆောင်ရွက်ရေးလုပ်ငန်းစဉ်ဟာ ပိုပြီး ရုန်းကန်ရဖို့ဖြစ်လာပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်ကလေးတွေအတွက် ပညာရေး၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာနည်းပညာအကူအညီတွေနဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်တဲ့ ကုလလုပ်ပိုင်ခွင့်တွေကို ပစ်မှတ်ထားတိုက်ခိုက်သလို ဖြစ်နေခဲ့တာပါ။
လေ့လာ-ဝေမျှအဖွဲ့မှ ဦးကိုကိုလေးက “မိုးကြိုးပစ် ထန်းလက်နဲ့ကာလို့မရတော့ဘူး၊ အခုဖြစ်နေတဲ့ အခင်းအကျင်းတွေက နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုဖြစ်တယ်။ စစ်ရေးအားပြိုင်မှုနေရာမှာ နယ်မြေစိုးမိုးရေးတွေ ပါလာတယ်။ စီးပွားရေးရပ်တည်ဖို့အတွက် တောင့်တင်းခိုင်မာမှုတွေ ပါလာတယ်။ နိုင်ငံတော်မှာရှိတဲ့စွမ်းရည်တွေကို ထိန်းချုပ်ဖို့တွေ ပါလာတယ်။ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုဖြစ်တယ်။ ကျန်တဲ့နိုင်ငံလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဒါတွေကိုခေါင်းထဲမှာ မစဉ်းစားနိုင်တော့ဘူး။ အကောင်ကြီးဖြစ်ဖို့အတွက် အပြိုင်အဆိုင်ကြိုးစားကြတာပေါ့၊ ကမ္ဘာ့အစီအစဉ်တွေရှိနေတာတွေက ဒီလို ပုံစံအတိုင်းသွားရင် American First မဖြစ်နိုင်ဘူး၊ ဒါတွေအကုန်လုံးဟာ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုဖြစ်တယ်” လို့ ပြောပါတယ်။
၂၀၂၅ နှစ်ဆန်းပိုင်း သမ္မတဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ က အေဂျင်စီရန်ပုံငွေကိုမှီခိုနေရသူတွေဟာ အခက်အခဲကြုံခဲ့ရပါတယ်။
အမေရိကန်ပြည်တွင်းရေးကို ဦးစားပေးပြီး ကမ္ဘာ့နံပါတ် ၁ အဖြစ် ဆက်လက်ရပ်တည်ရေး အချက်အပါအဝင် နိုင်ငံတကာကို ပေးနေတဲ့ ရန်ပုံငွေတွေ ရပ်တန့်လျော့ချရေး၊ ရွှေ့ပြောင်းနေထိုင်သူတွေအရေးဖော်ပြထားတဲ့ Project 2025 ပေါ်လစီနဲ့ မဲဆွယ်စည်းရုံးပြီး သမ္မတထရမ့်ဟာ ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။
အုပ်ချုပ်ရေးအာဏာကို ထရမ့်ပ်အစိုးရက အလွန်အကျွံသုံးစွဲတဲ့ ကိစ္စအများအပြားကြောင့် လွှတ်တော်နဲ့အဆင်မပြေဖြစ်ပြီး အောက်တိုဘာ ၁ ရက်က စတင်ပြီး ၄၃ သုံးရက်ကြာ အစိုးရယန္တရား စံချိန်တင်ရပ်ဆိုင်းထားရတဲ့ ဖြစ်စဉ်အပါအဝင် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်တာတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပါတယ်။
သုတချမ်းသာ


