
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အာရှအနုပညာပြတိုက်မှာရှိတဲ့ ထိုင်းရှေးဟောင်းရုပ်ပွားတော် ၄ ဆူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံက ရှေးဟောင်းရုပ်တုအပါအဝင် ရှေးဟောင်အမွေအနှစ်ပစ္စည်းအချို့ဟာ မသမာသူတို့ရဲ့ ခိုးယူခံရတာ၊ ပျောက်ဆုံးသွားတာတွေရှိပြီး နိုင်ငံခြားတိုင်းပြည်တွေကို ရောက်ရှိသွားတာလည်း ရှိနေပါတယ်။
အဆိုပါ ပစ္စည်းတွေဟာ နိုင်ငံတော်ရဲ့ အဖိုးတန် အမွေအနှစ်တွေဖြစ်တာကြောင့် ထိုင်းနိုင်ငံ ပြည်ပရှေးဟောင်းပစ္စည်းများ ခြေရာခံခြင်းဆိုင်ရာကော်မတီက ၂၀၁၈ ခုနှစ်ကစ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုတခေါက် ကြေးရုပ်ပွားတော် ၄ ဆူ ပြန်လည်ရောက်ရှိရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အနုပညာဌာန၊ အမေရိကန်နိုင်ငံ ပြည်တွင်း လုံခြုံမှုစုံစမ်းစစ်ဆေးရေးဌာန (Homeland Security Investigations: HSI) တို့ကို ကျေးဇူးတင်ရှိကြောင်း ထိုင်းယဉ်ကျေးမှုဝန်ကြီး နန်းဆောင်ချားပီတာထိုင်းဆစ်က ဇန်နဝါရီ ၆ ရက်က ဘန်ကောက် ဖရနခွန်း အမျိုးသားပြတိုက်မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါရုပ်ပွားတော်တွေဟာ လွန်ခဲ့သော ၁၃ - ၁၄ ရာစုကြား (နှစ်ပေါင်း ၁,၂၀၀ ခန့်) လုပ်ပူရီဘုရင်ခေတ် ထိုင်းအရှေ့မြောက်ပိုင်း ခိုရတ် (နခွန်းရာ့ချ်ဆီမား) အထက်ပိုင်းနဲ့ နမ့်မွန်းမြစ်ဝှမ်းဒေသက ရှေးပန်းပုပညာရှင် လက်ရာတွေဖြစ်တယ်၊ ဒီရုပ်ပွားတော်တွေဟာ နိုင်ငံအတွက် အရေးကြီးတဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်၊ ဒါတွေဟာ အဲဒီခေတ်က လူမှုဘဝနေထိုင်မှု ယဉ်ကျေးမှုအဆင့်အတန်း၊ ဘာသာသာသနာပေါ် ထားရှိတဲ့ သဒ္ဓါတရားတွေကို သိရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီရှေးဟောင်းရုပ်ထုတွေကို အများပြည်သူကြည့်ရှုလေ့လာနိုင်ဖို့အတွက် ဘန်ကောက် ဖရနခွန်း နယ်မြေ အမျိုးသားပြတိုက်မှာ ဇန်နဝါရီ ၇ ရက်မှ လကုန်ထိ ပြသထားမှာပါ။
နောက်ထပ်လည်း အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရှေးဟောင်းပစ္စည်း ၂၅ မျိုး နဲ့ ဥရောပနိုင်ငံမှာရောက်နေတဲ့ ရှေးဟောင်းပစ္စည်း ၄ မျိုး စုစုပေါင်း ၂၉ မျိုးကို ပြန်လည်ယူဆောင်လာဖို့ ဆောင်ရွက်နေတယ်လို့ ထိုင်းယဉ်ကျေးမှုဝန်ကြီး နန်းဆောင်ချားပီတာ ထိုင်းဆစ်က ပြောသွားပါတယ်။
Source:ThaiPBS / The Nation


