
အီရန်ကို အမေရိကန်က တိုက်ခိုက်ပါက အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန် အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှာဖြစ်ကြောင်း အီရန်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဘတ်ကာ ကာလီဘတ်က သတိပေးခဲ့ပါတယ်။
ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းရင် စစ်ရေးအရ အရေးယူမယ်လို့ ထရမ့်ပ်က ခြိမ်းခြောက်ထားတာကို အခုလို တုံ့ပြန်ခဲ့တာပါ။
အီရန်မှာ ဆန္ဒပြပွဲတွေဖြစ်နေပြီး လူသေဆုံးမှု ၅၀၀ ဝန်းကျင် ရှိလာပြီလို့ သတင်းတွေက ဖော်ပြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ လက်ရှိအချိန်မှာ အီရန်ကို စီးပွားရေး၊ စစ်ရေး၊ ဝါဒဖြန့်ချိမှု၊ အကြမ်းဖက်လှုံ့ဆော်မှုတွေကို တန်ပြန်နှိမ်နင်းမှု စတဲ့ အရေး ၄ ခုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကာလီဘတ်က ပြောပါတယ်။
BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ တီဟီရန်အနီးမှာ လူသေတွေထည့်ဖို့ Body bags ၁၈၀ တွေ့တယ်လို့ သိရပါတယ်။
အမေရိကန်အခြေစိုက် သတင်းအေဂျင်စီ HRANA က ဆန္ဒပြသူ ၄၉၅ ယောက် သေဆုံးခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင် ၄၈ ယောက် သေဆုံးတယ်လို့ ဖော်ပြပါတယ်။
အီရန်အစိုးရဟာ ဆန္ဒပြသူ ၁၀,၆၀၀ ကို ဖမ်းဆီးထားတယ်လို့လည်း အဲဒီသတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်ဟာ စစ်ရေးအရ အီရန်ကို အရေးယူမှုအပြင် အီရန်စစ်တပ်ကို ဆိုက်ဘာတိုက်ခိုက်တာမျိုး၊ အွန်လိုင်းကနေ အစိုးရဆန့်ကျင်မှု တိုးမြှင့်တာမျိုးနဲ့ ကုန်သွယ်မှု ပိတ်ဆို့ဒဏ်ခတ်တာမျိုးတွေ ပြုလုပ်မယ်လို့ Wall Street Journal က ဖော်ပြပါတယ်။
အီရန်နိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်ကစပြီး ငွေဈေးနှုန်း ကျဆင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


