
အီရန်တဝန်း ပျံ့နှံ့နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို ဖော်ထုတ်ဖို့ မိသားစုဝင်တွေက တီဟီရန်မြို့မှာရှိတဲ့ ခါရစ်ဇက် ရင်ခွဲရုံအပြင်ဘက်မှာ စုဝေးနေတာကို ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။
ဗီဒီယိုထဲက အဆောက်အအုံတွေ၊ လမ်းအပြင်အဆင်တွေက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ ဗီဒီယို စစ်မှန်မှုကို အတည်ပြုနိုင်ပေမဲ့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ အချိန်ကိုတော့ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။
တီဟီရန် ရင်ခွဲရုံရုံးက မြေပြင်ပေါ်မှာရှိတဲ့ အလောင်းအိတ်တွေရဲ့ ဗီဒီယိုကို နိုင်ငံပိုင်ရုပ်မြင်သံကြားကလဲ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ခဲ့ပြီး သေဆုံးသူတွေဟာ "လက်နက်ကိုင် အကြမ်းဖက်သမားတွေကြောင့် ဖြစ်လာတဲ့ ဖြစ်ရပ်တွေရဲ့ သားကောင်တွေ” လို့ ကြေညာခဲ့ပါတယ်။
ငွေကြေး ဖောင်းပွမှု မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ ဒီဇင်ဘာ ၂၈ ရက်ကစပြီး ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး အီရန်တဝန်းကို ပျံ့နှံ့ခဲ့တာပါ။ နောက်ပိုင်းမှာ ဆန္ဒပြသူတွေက ဘာသာရေး အခြေပြု အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ တောင်းဆိုရင်း နိုင်ငံရေးအတွက် ဆန္ဒပြပွဲအဖြစ် အမြန် ပြောင်းသွားခဲ့ပါတယ်။


