
အီရန်အစိုးရက မကြာသေးမီက ဆန္ဒပြပွဲတွေအကြား အများပြည်သူရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို တည်တည်ငြိမ်ငြိမ် ထောက်ပံ့နိုင်ရေး ထိန်းသိမ်းထားနေတယ်လို့ အီရန်သမ္မတ မာဆွဒ် ပေဇက်ရှ် ကီယံက တနင်္ဂနွေနေ့မှာ ရုပ်မြင်သံကြားအင်တာဗျူးတခုမှာ ပြောပါတယ်။
အီရန်ပြည်သူတွေရဲ့ ပုံမှန်တောင်းဆိုချက်တွေက ကျိုးကြောင်းဆီလျော်ပြီး တရားမျှတပေမဲ့ အဓိကရုဏ်းတွေ ဖြစ်အောင်လုပ်တာနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဆောင်ရွက်တာက ရန်သူရဲ့ နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးပမ်းချက်တွေဆိုတာ သဘောပေါက်ရမှာ ဖြစ်ပြီး ပြည်သူလူထုအနေနဲ့ သတိရှိရှိ နေထိုင်ရမယ်လို့ သမ္မတ ပီဇက်ရှ်ကီယန်က တိုက်တွန်းခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၉ ယောက်ထက်မနည်း ပဋိပက္ခတွေအတွင်း သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တချိန်တည်းမှာ သေဆုံးခဲ့တဲ့ ဆန္ဒပြသူ အရေအတွက်က အယောက် ၂၀၀ ကျော်သွားပြီလို့ နိုင်ငံပြင်ပမှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောခဲ့ပေမဲ့ ကိန်းဂဏန်းကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
အီရန်အရာရှိတွေက မကြာသေးမီက ဖြစ်ခဲ့တဲ့ ဆူပူမှုတွေဟာ ရန်သူက စီစဉ်တဲ့လုပ်ရပ်တွေ ဖြစ်တယ်၊ ကောင်းကောင်း လေ့ကျင့်ထားတဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေက ဆောင်ရွက်ခဲ့တာကြောင့် လုံခြုံရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အပြင် ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်သမားတွေကို အပြင်းအထန် အပြစ်ပေးဖို့ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးအမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီက အာဏာပိုင်တွေကို ညွှန်ကြားခဲ့ပါတယ်။
တချိန်တည်းမှာ ရဲတပ်ဖွဲ့က စနေနေ့ စစ်ဆင်ရေးတွေအတွင်း ဆူပူအောင်လုပ်တဲ့ ခေါင်းဆောင်များစွာကို ဖမ်းဆီးခဲ့ပြီး သတိပေးအဆင့်တွေကို မြှင့်တင်ခဲ့တယ်လို့ အီရန်ရဲတပ်ဖွဲ့အကြီးအကဲ အာမက်-ရီဇာ ရာဒန်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အဲဒီနေ့မှာပဲ အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ဖ်က အမေရိကန်အစိုးရက အီရန်အပေါ် စစ်ရေးအရ အရေးယူရင် အီရန်က အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အခြေစိုက်စခန်းတွေနဲ့ အဆောက်အအုံတွေကို တရားဝင်ပစ်မှတ်တွေအဖြစ် သတ်မှတ်မယ်လို့ သတိပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို တိုက်ခိုက်ဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ မီဒီယာတွေက ဖော်ပြပြီးတဲ့နောက် ခုလို မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။


