
အီရန်နိုင်ငံတဝန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေ အရှိန်မြင့်တက်နေချိန်မှာပဲ ဇန်နဝါရီ ၈ ရက် ညပိုင်းကစပြီး အင်တာနက်လိုင်းတွေ လုံးဝဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။
မြို့တော် တီဟီရန်နဲ့ မရှတ်မြို့ကြီးတွေ အပါအဝင် မြို့ပေါင်း ၁၀၀ ကျော်အထိ ပျံ့နှံ့လာတဲ့ ဒီဆန္ဒပြပွဲတွေဟာ ပြည်နယ် ၃၁ ခုလုံးမှာ ပေါ်ပေါက်နေပြီး နှစ်များစွာအတွင်း အကြီးမားဆုံး လူထုအုံကြွမှုကြီး ဖြစ်လာပါတယ်။
ဖားစ်ပြည်နယ်မှာဆိုရင် ဆန္ဒပြသူတွေက ဗိုလ်ချုပ်ကြီး ကာဆင်ဆူလေမာနီရဲ့ ရုပ်တုကို ဖြိုချခဲ့ကြသလို ဖြုတ်ချခံခဲ့ရတဲ့ နောက်ဆုံးရှားဘုရင်ရဲ့ သားတော်၊ အိမ်ရှေ့မင်းသား ရေဇာပါလဗီ ပြန်လာရေး ကြွေးကြော်သံတွေနဲ့ ချီတက်နေကြတာ တွေ့ရပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် ကလေးငယ် ၈ ယောက် အပါအဝင် သေဆုံးသူ အနည်းဆုံး ၄၅ ယောက် ရှိပြီလို့ နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ (IHR) က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အီရန်အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။
အမေရိကန်ရောက် အိမ်ရှေ့မင်းသား ပါလဗီကလည်း ဆန္ဒပြပွဲတွေ ဆက်လုပ်ကြဖို့ တိုက်တွန်းခဲ့သလို အီရန်အစိုးရကို ဖိအားပေးတဲ့ သမ္မတထရမ့်ပ်ကို ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်။
အီရန်သမ္မတ မာဆွတ်ပက်ဇက်ရှ်ကီယန်က အကြမ်းဖက်မှုတွေ ရှောင်ရှားကြဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အီရန်ငွေကြေးတန်ဖိုး စံချိန်တင်ကျဆင်းပြီး ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာက အခုလို လူထုအုံကြွမှုကြီး ဖြစ်လာရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ဆန္ဒပြသူ ၂,၀၀၀ ကျော် ဖမ်းဆီးခံထားရပြီး ဒက်ဇ်ဖူမြို့လို နေရာမျိုးတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းတာတွေ ရှိနေဆဲလို့ သိရပါတယ်။
Source: Reuters


