
ဂျေရုဆလင်မြို့မှာ စစ်မှုထမ်းခြင်းကို ဆန့်ကျင်တဲ့ အစွန်းရောက် အော်သိုဒေါ့စ် ဂျူးလူမျိုးတွေ ဇန်နဝါရီ ၆ ရက်မှာ စုဝေးပွဲတခု လုပ်နေတုန်း ဘတ်စ်ကားမောင်းသူတယောက်က လူအုပ်ထဲကို ဝင်တိုက်ခဲ့ပြီးနောက်မှာ ဆယ်ကျော်သက် ယောက်ျားလေးတယောက်ကို ကားကြိတ်မိပြီး သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲတပ်ဖွဲ့က ယာဉ်မောင်းကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပြီး ယာဉ်မောင်းရဲ့အမည်ကို မထုတ်ပြန်ခဲ့ပါဘူး။
ဘတ်စ်ကားအောက်မှာ ပိမိနေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ဟာ အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးသွားကြောင်း အစ္စရေးနိုင်ငံရဲ့ မဂန် ဒါဗိဒ် အဒေါမ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောပါတယ်။
အစ္စရေးနိုင်ငံမှာ မဖြစ်မနေ စစ်မှုထမ်းရမဲ့ကိစ္စနဲ့ အဲဒီကနေ ကင်းလွတ်ခွင့်ရသူတွေအပေါ် အငြင်းပွားမှုဟာ အစ္စရေးရဲ့ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းအတွင်း တင်းမာမှုတွေကို ကြာရှည်စွာ ဖြစ်ပေါ်စေခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ပြီးခဲ့တဲ့နှစ်အတွင်း တိုးမြင့်လာတဲ့ နိုင်ငံရေးတင်းမာမှုတွေအောက်ကို ရောက်ခဲ့ရပါတယ်။
အစွန်းရောက် အော်သိုဒေါ့စ် ဘုရားကျောင်း ကျောင်းသားတွေဟာ မဖြစ်မနေ စစ်မှုထမ်းရမဲ့ ကိစ္စကနေ ကြာမြင့်စွာ ကင်းလွတ်ခွင့် ရခဲ့ကြပါတယ်။
စစ်မှုထမ်းနေရတဲ့သူတွေ အများစုဟာ မမျှတတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းနေရတယ်လို့ အစ္စရေးလူမျိုး အများအပြားက ဝေဖန်ကြပါတယ်။
အစွန်းရောက် အော်သိုဒေါ့စ်တွေရဲ့ စစ်မှုထမ်းဖို့ တင်းခံနေမှုဟာ သူတို့ရဲ့ ဘာသာရေးခံယူချက် ခိုင်မာမှုအပေါ် အခြေခံပြီး စစ်မှုထမ်းခြင်းကြောင့် အားနည်းသွားနိုင်တဲ့ အန္တရာယ်တွေကို ဘာသာရေးခေါင်းဆောင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
စစ်ရေးလှုပ်ရှားမှု အခြေအနေ ပြင်းထန်လာတာနဲ့အမျှ စစ်မှုထမ်းရေးအပေါ် လူထုအငြင်းပွားမှုလည်း ပိုမိုမြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဂါဇာကမ်းမြောင်၊ လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်၊ အီရန်တို့နဲ့ ဆက်စပ်တဲ့ တိုက်ပွဲတွေကြောင့် အစ္စရေးဟာ ဆယ်စုနှစ်များစွာအတွင်း စစ်သားသေဆုံးမှု အရေအတွက်ဟာ အရင်ဆယ်စုနှစ်များထက် အလွန်မြင့်မားလာခဲ့ပါတယ်။
Source: Reuters


