
အီရန်နိုင်ငံမှာ လုံခြုံရေးတပ်တွေက ဆန္ဒပြသူတွေအပေါ် ပိုတိုးပြီး အကြမ်းဖက်ခဲ့ရင် အီရန်အစိုးရဟာ ပြင်းထန်တဲ့တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၄ ရက်မှာ သတိပေးခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ပ်က “ကျနော်တို့ အလွန်နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ အရင်ကလို လူတွေကို သတ်မယ်ဆိုရင် အမေရိကန်က သူတို့ကို အရမ်းပြင်းပြင်းထန်ထန် ထိုးနှက်တာ ခံရမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို အဖမ်းခံရပြီးတဲ့နောက် ဝါရှင်တန်ကို ပြန်ရောက်တဲ့အခါ Air Force One လေယာဉ်ပေါ်မှာ အီရန်နိုင်ငံ မငြိမ်မသက်မှုအကြောင်း မေးမြန်းခံရချိန်မှာ ထရမ့်ပ်က သတင်းထောက်တွေကို ခုလိုပြောခဲ့တာပါ။
အီရန်နိုင်ငံမှာ မငြိမ်မသက်မှု သီတင်းတပတ်အတွင်း လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဇန်နဝါရီ ၄ ရက်မှာ ပြောပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်တက်လာလို့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။
ထရမ့်ပ်က ဆန္ဒပြသူတွေ အကြမ်းဖက်ခံရရင် ကူညီမယ်လို့ အစောပိုင်းက ခြိမ်းခြောက်ခဲ့ပြီး သောကြာနေ့မှာတော့ “ကျနော်တို့ သော့ခတ်ထားပြီး ပစ္စည်းတွေ အပြည့်တင်ထားပြီး သွားဖို့ အသင့်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။
သူစဉ်းစားနေတဲ့ လုပ်ဆောင်ချက်တွေကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။ အဲဒီသတိပေးချက်ကြောင့် အီရန်အရာရှိကြီးတွေက ဒေသတွင်းက အမေရိကန်တပ်ဖွဲ့တွေကို လက်စားချေမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အီရန်ဟာ “ရန်သူကို အလျှော့ပေးမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
Source: Reuters


