
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကိုလံဘီယာနိုင်ငံကို စစ်ရေးအရ အရေးယူမယ်လို့ ဇန်နဝါရီ ၄ ရက်က ခြိမ်းခြောက်လိုက်ပြီး ကျူးဘားနိုင်ငံကတော့ သူ့အလိုလို ပြိုလဲသွားမှာလို့ မှတ်ချက်ပေးခဲ့ပါတယ်။
သမ္မတထရမ့်ပ်က "ကိုလံဘီယာအစိုးရကို စိတ်ပျက်စရာကောင်းတဲ့ လူတယောက်က ဦးဆောင်နေပြီး ကိုကိန်းတွေထုတ်လုပ်ကာ အမေရိကန်ကို ရောင်းချနေတာပါ။ ဒီလူ ကြာကြာမခံတော့ပါဘူး" လို့ ကိုလံဘီယာသမ္မတ ဂူစတာဗို ပေထရိုကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေက ကိုလံဘီယာကို စစ်ဆင်ရေးဆင်နွှဲမှာလားလို့ မေးမြန်းရာမှာတော့ "ကျုပ်ကတော့ သဘောတူတယ်" လို့ ထရမ့်ပ်က ဖြေကြားခဲ့ပါတယ်။
ကျူးဘားနိုင်ငံနဲ့ ပတ်သက်လို့လည်း ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံဝင်ငွေ ထောက်ပံ့မှုနဲ့ ရပ်တည်နေတာဖြစ်ပြီး အခုအချိန်မှာ ဝင်ငွေမရှိတော့တဲ့အတွက် အမေရိကန်က ဝင်စွက်စရာမလိုဘဲ သူ့အလိုလို ပြိုလဲတော့မယ်လို့ ထရမ့်ပ်က သုံးသပ်ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဝင်ရောက်ဖမ်းဆီးစဉ်ကလည်း ကျူးဘားသက်တော်စောင့် အများအပြား သေဆုံးခဲ့တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
မက္ကဆီကိုကတဆင့် မူးယစ်ဆေးဝါးတွေ ဖြတ်သန်းဝင်ရောက်နေတာကြောင့် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
မက္ကဆီကိုသမ္မတကို သူ သဘောကျကြောင်း၊ အင်မတန်တော်တဲ့သူဖြစ်ကြောင်း၊ ဒါပေမဲ့ မက္ကဆီကိုနိုင်ငံထဲကို အမေရိကန်တပ်တွေ လွှတ်ပေးဖို့ ကမ်းလှမ်းတဲ့အခါတိုင်း သမ္မတ ရှိန်းဘောင်းက ငြင်းဆန်နေကြောင်း ထရမ့်ပ်က ပြောပါတယ်။
မက္ကဆီကိုဘက်က သဘောမတူတာလားလို့ သတင်းထောက်က မေးတဲ့အခါ ထရမ့်ပ်က "သူက စိတ်ပူနေတာ၊ နည်းနည်းကြောက်တာပေါ့။ မူးယစ်ဂိုဏ်းတွေက မက္ကဆီကို ကို စီမံနေကြတာလေ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Source: Reuters


