
စစ်ကောင်စီလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ဓာတ်ပုံလှုပ်ရှားမှုကို ကရင်နီပြည်နယ်ထဲက ဒေသ ၁၁ ခုမှာ ပြုလုပ်ခဲ့ကြတယ်လို့ ကရင်နီပြည် လူငယ်များသမဂ္ဂက ဇန်နဝါရီ ၁၁ ရက်က ထုတ်ပြန်ထားပါတယ်။
သပိတ်ကော်မတီဝင်တွေ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ရေးကော်မတီအဖွဲ့တွေက ဦးဆောင်ပြီး နေရာဒေသအသီးသီးမှာ လုပ်ခဲ့တာလို့ ပြောပါတယ်။
ကော်မတီအဖွဲ့ဝင်တယောက်က “ဒီဘက်မှာက ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူများတယ်။ တချို့လည်း ရွေးကောက်ပွဲကို သေချာ မသိကြတဲ့အခါမှာ ကျနော်တို့က ရွေးကောက်ပွဲကို ဆန့်ကျင်တာ အသိပညာပေးတာတွေ ရှိတယ်။ အဖွဲ့ ၆ ဖွဲ့ ပေါင်းပြီး ရွေးကောက်ပွဲ ဆန့်ကျင်တာတွေ ပြတယ်။ လူထု ပိုသိအောင် လုပ်တာပေါ့” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှုမှာ “လိမ်ညာမှုကို မဲနဲ့ဖုံး၊ ပြည်သူ့အသံကိုပိတ်ပြီး မဲရေတွက်လို့ ဒီမိုကရေစီ မဖြစ်နိုင်၊ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိ၊ ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်၊ သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စတဲ့ စာတန်းပါ ဓာတ်ပုံလှုပ်ရှားမှုတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်က ကရင်နီမှာ ရွေးကောက်ပွဲ အပိုင်း ၁ အနေနဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့နယ်၊ အပိုင်း ၂ အနေနဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ဒေသခံပြည်သူတွေ မပါဝင်ဘဲ ပြုလုပ်ခဲ့ပြီး တဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲက အတုအယောင်ဖြစ်ကြောင်းကို အသိပညာပေး ဟောပြောတာ၊ ဆန့်ကျင်တာတွေ ပြုလုပ်နေပါတယ်။


