
အီရန်နဲ့ စီးပွားရေး ကူးသန်းရောင်းဝယ်မှုရှိတဲ့ နိုင်ငံတွေက ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ချမှတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။
အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၃ ပတ်အထိ ရှိလာချိန်မှာ ထရမ့်ပ်က အီရန်အစိုးရကို ထပ်ဖိအားပေးလိုက်တာပါ။
အီရန်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ ဘယ်နိုင်ငံမဆို အမေရိကန်နဲ့ ကုန်သွယ်တဲ့အခါ ဒီအခွန်ငွေကို ပေးဆောင်ရမယ်လို့ ဇန်နဝါရီ ၁၂ ရက်မှာ ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
လက်ရှိမှာတော့ တရုတ်ဟာ အီရန်ရဲ့ အကြီးဆုံးကုန်သွယ်ဘက်ဖြစ်ပြီး အီရတ်၊ ယူအေအီး၊ တူရကီနဲ့ အိန္ဒိယနိုင်ငံတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေကို သတ်ဖြတ်မယ်ဆိုရင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ်လို့လည်း သမ္မတထရမ့်ပ်က သတိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ရေးအရ ရွေးချယ်စရာတွေ ရှိနေသေးတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး ကာရိုလိုင်း လဲဗစ်ကလည်း အတည်ပြု ပြောကြားပါတယ်။
အီရန်ရီရယ်ငွေကြေး တန်ဖိုးကျဆင်းရာကနေ စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေအတွင်း လူ ၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ အီရန်အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သတင်းစီးဆင်းဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
Source: Reuters


