
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ အီရန်မှာ Starlink ဂြိုဟ်တုအင်တာနက် သုံးစွဲနိုင်ရေး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်နဲ့ ဆွေးနွေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
“အင်တာနက်လိုင်းတွေ ပြန်ရဖို့ ဖြစ်နိုင်မယ်ဆိုရင် လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး အီလွန်မတ်စ်ခ်နဲ့ စကားပြောသွားမယ်” လို့ ထရမ့်ပ်က ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
အဲဖို့စ်ဝမ်းလေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးတာနဲ့တပြိုင်နက် မတ်စ်ခ်ကို ဖုန်းခေါ်ဆိုသွားမယ်လို့ သမ္မတက အတည်ပြု ပြောကြားခဲ့တာပါ။
မတ်စ်ခ်ဟာ Starlink ဂြိုဟ်တု အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ SpaceX ကုမ္ပဏီပိုင်ရှင် ဖြစ်ပါတယ်။
လက်ရှိ အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အာဏာပိုင်တွေက အင်တာနက်လိုင်းတွေကို ဇန်နဝါရီ ၈ ရက်ကတည်းက ဖြတ်တောက်ထားပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေနဲ့ပတ်သက်ပြီး စစ်ရေးအရ အရေးယူမဲ့ နည်းလမ်းတွေ အပါအဝင် အလွန်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို စဉ်းစားနေတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
“စစ်တပ်က ဒီကိစ္စကို အလေးအနက်ထား စောင့်ကြည့်နေပြီး အင်မတန်ပြင်းထန်တဲ့ ရွေးချယ်စရာ နည်းလမ်းတွေကို လေ့လာနေတယ်” လို့ သမ္မတ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။


