
ထိုင်ဝမ်စစ်တပ်ဟာ တရုတ်ရဲ့ ပင်လယ်ပြင်ကနေ တိုက်ခိုက်မှုကို တွန်းလှန်ပုံကို ဇန်နဝါရီ ၂၉ ရက်မှာ အသွင်ယူ လေ့ကျင့်ခဲ့ပြီး တရုတ်ရဲ့ ကျူးကျော်ဖို့ ကြိုးပမ်းချက်ကို ရပ်တန့်ဖို့အတွက် ကမ်းရိုးတန်းပစ် ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို မြန်နှုန်းမြင့် ကင်းလှည့်လှေတွေနဲ့ ပေါင်းစပ် လေ့ကျင့်ခဲ့ပါတယ်။
တရုတ်တပ်တွေက ပထမဆုံးသိမ်းပိုက်နိုင်တဲ့ ထိုင်ဝမ်ရေလက်ကြားက ဖန်းဂူကျွန်းတွေဆီကို ထိမှန်အောင် ပစ်ခတ်ဖို့ အမေရိကန်လုပ် ရွေ့လျားနိုင်စွမ်းမြင့်တဲ့ ဒုံးအမြောက်စနစ် HIMARS ကို ဘယ်လိုသုံးမလဲ ဆိုတာကို ထိုင်ဝမ်စစ်တပ်က အခုအပတ်အစောပိုင်းမှာ ပြသခဲ့ပါတယ်။
ထိုင်ဝမ်ဟာ ဖေဖော်ဝါရီလမှာ စတင်မဲ့ တရုတ်နှစ်သစ်ကူး အားလပ်ရက် မတိုင်မီ ပုံမှန် စစ်ရေးလေ့ကျင့်လေ့ ရှိပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာလ နှောင်းပိုင်းမှာ တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ နောက်ဆုံးအကြိမ် စစ်ရေးလေ့ကျင့်ပြီးတဲ့နောက်ပိုင်း ထိုင်ဝမ်က မီဒီယာတွေရှေ့မှာ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်ခဲ့တာပါ။
တရုတ်က ထိုင်ဝမ်ကိုကျူးကျော်မှု မှန်သမျှဟာ အလွန်ခက်ခဲမှာဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ရေလက်ကြားကို အဦးဆုံး ဖြတ်ကျော်ရမှာပါ။
အဲဒီနောက် တရုတ်တပ်တွေ ဆင်းသက်ဖို့ သင့်လျော်မဲ့ ထိုင်ဝမ်ကျွန်းပေါ်က ကမ်းခြေအရေအတွက် အကန့်အသတ်ရှိတဲ့ နေရာတွေကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ရေး ခေတ်မီအောင်ပြုလုပ်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ရဲ့ အစိုးရဟာ ခံစစ်အားကိုးတဲ့ စွမ်းဆောင်ရည်တွေကို လျှော့ချပြီး တကယ့်တိုက်ပွဲပုံစံ အသွင်ယူလေ့ကျင့်တဲ့အပေါ် ပိုအားကိုးတဲ့ လက်တွေ့ကျတဲ့ လေ့ကျင့်မှုကို တွန်းအားပေး လုပ်ဆောင်နေပါတယ်။
Source: Reuters


