
ထိုင်ဝမ်စစ်တပ်က ဇန်နဝါရီ ၂၇ ရက်မှာ စစ်ရေးလေ့ကျင့်ခဲ့ပြီး အသစ်ဖွဲ့စည်းထားတဲ့ ရွေ့လျားနိုင်စွမ်းမြင့်တဲ့ ဒုံးအမြောက်စနစ် HIMARS အပါအဝင် လက်နက်အမျိုးမျိုးကို ပြသခဲ့ပါတယ်။
တရုတ်နှစ်သစ်ကူးမတိုင်မီ အလယ်ပိုင်းမြို့ ထိုက်ကျုံးမှာ အသင့်ဖြစ်မှုလေ့ကျင့်ခန်း တစိတ်တပိုင်းအဖြစ် ကျူးကျော်လာတဲ့တပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ ပုံစံတူ အခြေအနေတွေကို လေ့ကျင့်ခဲ့ပါတယ်။
အမှတ် ၅၈ အမြောက်တပ် ကွပ်ကဲမှုဌာနက ဗိုလ်ကြီး လူက ဒီလေ့ကျင့်ခန်းတွေဟာ ပစ္စည်းကိရိယာတွေရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့နဲ့ လေ့ကျင့်မှုရလဒ်တွေကို သရုပ်ပြဖို့ အခွင့်အရေးတခု ဖြစ်တယ်လို့ ပြောပါတယ်။
အကွာအဝေး ပိုရှည်ပြီး ပစ်မှတ်လွှမ်းခြုံမှု ပိုကျယ်လို့ မတူတဲ့ စစ်ဆင်ရေးဇုန်တွေမှာ အချိန်နဲ့တပြေးညီ ပံ့ပိုးပေးနိုင်တယ်လို့ လူက HIMARS အကြောင်း ရှင်းပြချိန်မှာ ပြောပါတယ်။
နှစ်ပတ်လည်လေ့ကျင့်ခန်းမှာ တင့်ကားတွေ၊ နည်းဗျူဟာမြောက် ခရီးတို မောင်းသူမဲ့လေယာဉ် (UAVs) တွေနဲ့ ရန်သူ့တပ်ဖွဲ့တွေကို ကိုယ်စားပြုဖို့ထားတဲ့ မိုးပျံပူဖောင်းတွေကို တိုက်ခိုက်လေ့ကျင့်တဲ့ ဒရုန်းတွေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ထိုင်ဝမ် အနောက်တောင်ပိုင်း ကျားယိမြို့မှာ F-16 တိုက်လေယာဉ်တွေပါတဲ့ အရေးပေါ်လေယာဉ်တွေ ပျံသန်းမှုအတွင်း ထိုင်ဝမ်လေတပ်က ကာကွယ်ရေးအသင့်ဖြစ်နေတာကို ပြသခဲ့ပါတယ်။
လေ့ကျင့်ခန်းအတွက် အချက်ပေးသံတွေ ထွက်လာတာနဲ့အမျှ လေယာဉ်မှူးတွေနဲ့ မြေပြင်အဖွဲ့သားတွေက လေယာဉ်တွေပျံသန်းရေး ပြင်ဆင်ဖို့ လေယာဉ်ဂိုထောင်ဆီ အမြန်ပြေးသွားခဲ့ကြပါတယ်။
အချက်ပေးသံထွက်ချိန်ကနေ လေယာဉ်တွေ ဂိုထောင်က ထွက်ချိန်ထိ လုပ်ငန်းစဉ်တခုလုံး ၆ မိနစ်ကျော်အတွင်း ပြီးစီးခဲ့ပါတယ်။
လေယာဉ်တွေ အလုအယက် ပျံတက်တဲ့ လေ့ကျင့်ခန်းအပြီးမှာ လေတပ်ဟာ ပျံသန်းမှုလေ့ကျင့်ခန်း နောက်တမျိုးကိုလည်း လေ့ကျင့်ခဲ့ပါတယ်။
ဒီလေ့ကျင့်ခန်းဟာ တရုတ်နှစ်သစ်ကူးမတိုင်မီ ကာကွယ်ရေးအသင့်ဖြစ်မှုကို ပြဖို့ ထိုင်ဝမ်မှာ နှစ်စဉ်ကြိုးပမ်းချက်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
Source: Reuters


