
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အရှေ့ပိုင်းစစ်မြေပြင်ကွပ်ကဲမှုဌာနချုပ်ဟာ ဒီဇင်ဘာ ၃၀ ရက်က ထိုင်ဝမ်ကျွန်း အရှေ့ဘက်ရေပြင်မှာ စစ်ရေးလေ့ကျင့်ခဲ့ပြီး ဘက်ပေါင်းစုံ အင်အားဖြန့်ကြက်မှု၊ အထူးတပ်ဖွဲ့တွေရဲ့ ချိုးဖောက်ဝင်ရောက်မှုနဲ့ စီးနင်းမှုတွေအပြင် ဆိပ်ကမ်းတွေကို သိမ်းပိုက်တာတွေ အဓိကထား လုပ်ဆောင်ခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာ CCTV က ပြောပါတယ်။
အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘော ဟိုင်နန်က အထူးတပ်ဖွဲ့တွေဟာ ဖျက်သင်္ဘောတွေ၊ ဖရီးဂိတ်တိုက်သင်္ဘောတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေက အထူးတပ်ဖွဲ့တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
အထူးတပ်ဖွဲ့ ညှိနှိုင်းဆောင်ရွက်မှု၊ စနစ်တကျစစ်ဆင်ရေးတွေ၊ အဓိကပစ်မှတ်တွေအပေါ် အတိအကျ တိုက်ခိုက်နိုင်စွမ်းတွေကို စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ကျွန်းရဲ့ တောင်ဘက်ရေပြင်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်တဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပူးတွဲပစ်ခတ် တိုက်ခိုက် လေ့ကျင့်နေချိန်မှာ တိုက်ရိုက်ပစ်ခတ်မှုကို လေ့ကျင့်ခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်အားလုံးကို ထိမှန်ခဲ့တယ်လို့ PLA က ပြောပါတယ်။
PLA အရှေ့ပိုင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟာ တနင်္လာနေ့ကစပြီး တရားမျှတမှုမစ်ရှင် ၂၀၂၅ နာမည်နဲ့ ထိုင်ဝမ်ကျွန်းတဝိုက်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို အကြီးအကျယ် လုပ်နေတာပါ။
စစ်ရေးလေ့ကျင့်ရာမှာ ထိုင်ဝမ်ရေလက်ကြား၊ ကျွန်းရဲ့ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်နဲ့ အရှေ့ဘက်က ရေပြင်တွေမှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပါဝင်လေ့ကျင့်နေပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ စစ်ရေးလေ့ကျင့်မှုရဲ့ ဒုတိယနေ့မှာ ည ၉ နာရီကနေ မနက် ၁ နာရီအတွင်း ဒုံးကျည် ၂၇ စင်းလောက် ပစ်လွှတ်ခဲ့တယ်လို့ ထိုင်ဝမ် ထောက်လှမ်းရေးဆိုင်ရာ ဒုတိယစစ်ဦးစီးချုပ် ရှေးကျိရှန်းက ပြောပါတယ်။
“တရားမျှတမှုမစ်ရှင် ၂၀၂၅” လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်က ထိုင်ဝမ်ကို စံချိန်တင် ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံဖိုး လက်နက်ထောက်ပံ့မယ်လို့ ကြေညာပြီး ၁၁ ရက်အကြာမှာ စတင်ခဲ့တာပါ။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်တပ်က တုံ့ပြန်တဲ့အနေနဲ့ “အင်အားသုံး တုံ့ပြန်ဆောင်ရွက်မယ်” လို့ သတိပေးခဲ့ပါတယ်။
Source: Reuters


