
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ အရှေ့ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာနချုပ်က တပ်ဖွဲ့အများ အပြားဟာ ဒီဇင်ဘာ ၂၉ ရက်က ထိုင်ဝမ်ကျွန်းတဝိုက်မှာ "တရားမျှတမှုမစ်ရှင် ၂၀၂၅" ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို စတင်ခဲ့ပါတယ်။
PLA အရှေ့ပိုင်း စစ်တိုင်းကွပ်ကဲမှုဌာနချုပ်ဟာ ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်းရဲ့ မြောက်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့တောင်ဘက်နဲ့ အရှေ့ဘက်ဒေသတွေမှာ လေ့ကျင့်ဖို့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေကို စေလွှတ်ခဲ့တာပါ။
ဒေသစံတော်ချိန်မနက် ၉ နာရီခွဲလောက်မှာ အရှေ့ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာနချုပ်ရဲ့ ပေါင်းကျိ၊ ခုကျိုးနဲ့ ထိုက်ယွမ် ရေတပ်တပ်ဖွဲ့တွေဟာ ထိုင်ဝမ်ကျွန်းရဲ့ အနောက်တောင်ဘက်၊ မြောက်ဘက်နဲ့ အရှေ့ဘက်တို့က ပင်လယ်နဲ့ လေကြောင်းနေရာတွေမှာ လက်နက်စနစ် အများအပြားနဲ့ အဆက်မပြတ် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။
အဲဒီနောက်ရေတပ်တပ်ဖွဲ့တွေဟာ ဒုံးကျည်ကာကွယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ပွဲနဲ့ ပူးတွဲရေကြောင်း တိုက်ခိုက်ရေးတွေ အပါအဝင် PLAရဲ့ ဘက်စုံ သာလွန်မှုကို သိမ်းပိုက်ခြင်း၊ အဓိကဆိပ်ကမ်းတွေနဲ့ ဧရိယာတွေကို ပိတ်ဆို့ခြင်းအပြင် အဓိကပစ်မှတ်တွေကို ပူးတွဲပြီး အတိအကျ တိုက်ခိုက်ခြင်းတွေ အပါအဝင် လေ့ကျင့်ခန်း အများအပြားကို လုပ်ခဲ့ပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ဗုံးကြဲလေယာဉ်တပ်ဖွဲ့တွေနဲ့ သင်္ဘောဖျက်ဒုံးကျည်တပ်ဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်ကြပြီး သင်္ဘော-လေယာဉ် ပူးပေါင်းဆောင်ရွက်မှု၊ ပင်လယ်ပြင်တိုက်ခိုက်မှုတွေ၊ အဝေးပစ်စီးနင်းမှုတွေနဲ့ ပြည့်စုံတဲ့ ထောက်ပံ့ပို့ဆောင်ရေးတို့ကို လေ့ကျင့်ခဲ့ပါတယ်။
တိုက်ခိုက်ရေးတပ်ဖွဲ့တွေရဲ့ ပေါင်းစည်းနိုင်စွမ်းနဲ့ ရန်သူကို အမြင့်ဆုံးအကွာအဝေးမှာ ထိတွေ့နိုင်စွမ်းကိုလည်း စမ်းသပ်ခဲ့ပါတယ်။
လေယာဉ်ကွင်း အများအပြားက တိုက်ခိုက်ရေး လေယာဉ်အမျိုးအစား အများအပြားကို တာဝန်ချခဲ့ပြီး လေကြောင်းတပ်ဖွဲ့တွေ၊ တိုက်လေယာဉ်တွေ၊ ဗုံးကြဲ လေယာဉ်တွေနဲ့ အထူးမစ်ရှင်လေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းရဲ့ အရှေ့၊ မြောက်နဲ့ အနောက်တောင်ဘက်က ပင်လယ်နဲ့ လေပိုင်နက်ဆီ ပျံသန်းခဲ့ကြပါတယ်။
ရေတပ်တပ်ဖွဲ့တွေ၊ အဝေးပစ်ပစ်ခတ်တပ်ဖွဲ့တွေနဲ့ အတူ ပင်လယ်ပစ်မှတ် တိုက်ခိုက်မှုတွေ၊ ဧရိယာလေကြောင်းသာလွန်မှု သိမ်းပိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းမှုနဲ့ ထိန်းချုပ်မှု၊ သိမ်းပိုက်နိုင်စွမ်းကို စမ်းသပ်ခဲ့ပါတယ်။
PLA ဟာ ထိုင်ဝမ်ခွဲထွက်ရေး တပ်ဖွဲ့တွေအပေါ် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရာမှာ ဘယ်လို သနားညှာတာမှုမှ မပြဖို့ ကတိပြုထားတယ်။
ထိုင်ဝမ်ခွဲထွက်ရေးတပ်ဖွဲ့တွေနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမှာ ဖြစ်ပြီး အမျိုးသားအချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှုနဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို ခိုင်ခိုင်မာမာ ထိန်းသိမ်းသွားမယ်လို့ တရုတ်အစိုးရ မီဒီယာ CCTVက ဒီဇင်ဘာ ၃၀ ရက်မှာ ကြေညာပါတယ်။
Source: Reuters


