တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ထိုင်ဝမ်ကျွန်းဆီ ဦးတည်ဝင်ရောက်လာလို့ စစ်ရေးလေ့ကျင့်တာတွေ ခဏရပ်ဆိုင်းထားပြီး အစိုးရက မိုးသက်လေပြင်းနဲ့ မြေပြိုမှု သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ထိုင်ဝမ်ကို ဝင်တဲ့ မုန်တိုင်း ရာသီရဲ့ ပထမဆုံး တိုင်ဖွန်းမုန်တိုင်း ဂေမီဟာ ဇူလိုင် ၂၄ ရက်ညပိုင်းနဲ့ ဇူလိုင် ၂၅ ရက် အစောပိုင်းမှာ ထိုင်ဝမ် အရှေ့မြောက်ဘက် ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်မယ်လို့ ထိုင်ဝမ် ဗဟိုမိုးလေဝသစီမံခန့်ခွဲရေးအဖွဲ့က ခန့်မှန်းထားပါတယ်။
လက်ရှိမှာ ဒီမုန်တိုင်းကို ထိုင်ဝမ်က အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။ မုန်တိုင်းဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး ဇူလိုင် ၂၆ ရက်အစောပိုင်းမှာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖှုကျန်းပြည်နယ်ကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီအတောအတွင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ဟာ ဇူလိုင် ၂၃ ရက်မှာ နှစ်စဉ်ကျင်းပနေကျ ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုတချို့က မိုးလေဝသကြောင့် နှောင့်နှေးခဲ့ပေမယ့်စစ်တပ်က ရာသီဥတုကို ကြံ့ကြံ့ခံပြီး ရှေးဦးသူနာပြု လေ့ကျင့်ခန်းကို လုပ်ခဲ့ကြပါတယ်။
ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းက ဝန်ထမ်းတွေ ပြည်သူတွေကို စိတ်ချစေရုံသာမက ကျွန်းကို ကာကွယ်ရေး သန္နိဋ္ဌာန်ကိုလည်း ပြသဖို့ တိုက်ခိုက် ရေး စွမ်းအားကို ဆက်လက်မြှင့်တင်ဖို့ မျှော်လင့်တယ်လို့ သမ္မတက ဟွားလျန် လေတပ်စခန်းက အရာရှိတွေကို ပြောတဲ့အကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
အခုနှစ် ထိုင်ဝမ်စစ်ရေးလေ့ကျင့်မှုမှာ ဇာတ်ညွှန်း မပါဘဲ လက်တွေ့တိုက်ပွဲဝင်ဖို့ အတတ်နိုင်ဆုံး နီးကပ်စေရေး ရည်ရွယ်ပြီး တရုတ်တိုက်ခိုက်မှုကို ဘယ်လို တွန်းလှန်ရမလဲဆိုတာ ပုံဖော်ထားပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် တရုတ်နိုင်ငံက အခိုင်အမာ ပြောနေတာပါ။
ထိုင်ဝမ်က အပြင်းအထန် ကန့်ကွက် နေပေမယ့် ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ ကို တရုတ်က ပိုင်ဆိုင်မှုကို လက်ခံရေး ထိုင်ဝမ်အစိုးရကို ဖိအားပေးဖို့ ကျွန်းပတ်ပတ်လည် မှာ ပုံမှန် စစ်ရေးလေ့ကျင့်ခန်းတွေကို လေးနှစ်ကြာ လေ့ကျင့်နေခဲ့ပါတယ်။
Source-Reuters