ရုရှားနိုင်ငံဟာ ပြင်ပခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် နိုင်ငံရဲ့ တောင်ပိုင်းစစ်ခရိုင်မှာ နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို စတင်လိုက်ပြီလို့ ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၁ ရက်မှာ ပြောပါတယ်။
သမ္မတ ဗလာဒီမာပူတင်ဟာ ဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုခြင်းအတွက် ပြင်ဆင်ခြင်းနဲ့ လက်တွေ့လေ့ကျင့်ခြင်းတွေ ပါဝင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို အခုလ အစောပိုင်းမှာ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှု ပထမအဆင့်မှာ အစ်စ်ကန်ဒါနဲ့ ခင်န်ဇားလ် ဒုံးကျည်တွေ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အခုစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းနဲ့ ကပ်လျက်တည်ရှိတဲ့ ရုရှားတောင်ပိုင်း စစ်ဘက်ခရိုင်မှာ ဒုံးကျည်တပ်ဖွဲ့တွေလည်း ပါဝင်နေပြီး အခုခါ ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းရဲ့ အစိတ်အပိုင်းတွေလည်း ပါဝင်နေပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ စစ်ဆင်ရေးသုံး ဗျူဟာမြောက် အစ်စ်ကန်ဒါ ဒုံးကျည်စနစ်အတွက် အထူးဒုံးကျည်တွေကို လက်ခံခြင်းနဲ့ တပ်ဆင်ခြင်းကို လေ့ကျင့်ခဲ့ပြီး ဒုံးကျည်ပစ်လွှတ်ယာဉ်ကိုလည်း သတ်မှတ်ထားတဲ့ ပစ်လွှတ်နေရာကို လျှို့ဝှက်စွာ ရွှေ့ပြောင်းခြင်းကိုလည်း လေ့ကျင့်ခဲ့ပါတယ်။
ရုရှားလေကြောင်းအာကာသတပ်ဖွဲ့အတွက် စစ်ရေးလေ့ကျင့်မှုမှာလည်း အသံထက်မြန်ပြီး လေယာဉ်မှ ပစ်လွှတ်နိုင်တဲ့ ခင်န်ဇားလ် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ပေးခြင်းနဲ့ အဲဒါတွေကို စီစဉ်ထားပြီးသား စောင့်ကြည့်နယ်မြေတွေဆီ ပျံသန်းမောင်းနှင်ခြင်းတွေ ပါဝင်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ရုရှားအပေါ် ရန်စတဲ့ ထုတ်ပြန်ချက်တွေနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တာဖြစ်ပြီး ရုရှားရဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို သေချာစေအောင် မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူးကလီးယားလက်နက်တွေကို အသုံးပြု တိုက်ခိုက်ဖို့အတွက် တပ်ဖွဲ့ဝင်အင်အားနဲ့ လက်နက်ပစ္စည်းကိရိယာတွေ အဆင်သင့်ဖြစ်နေမှုကို ထိန်းသိမ်းထားဖို့ ရည်ရွယ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယူကရိန်းမှာ ရုရှားကိုတိုက်ခိုက်ဖို့ ဥရောပတပ်တွေ စေလွှတ်နိုင်ခြေကို လေသံပစ်ခဲ့တဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်ရဲ့ မှတ်ချက်တွေနဲ့ ယူကရိန်းဟာ ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် လန်ဒန်က ထောက်ပံ့ပေးတဲ့ လက်နက်တွေကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ပြောကြားခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်း တို့ရဲ့ မှတ်ချက်စကားတွေကို မော်စကိုက ကိုးကားပြောဆိုခဲ့ပါတယ်။
လုံခြုံရေးလေ့လာသူတွေကတော့ ယူကရိန်းစစ်ပွဲအတွင်း ကိယက်ဗ်ကို လက်နက်နဲ့ ထောက်လှမ်းရေးတွေ ထောက်ပံ့ပေးခဲ့ပေမဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခြင်းမှ ရှောင်ကြဉ်ထားတဲ့ အနောက်အုပ်စုကို ပိုပြီး ထဲထဲဝင်ဝင် ပတ်သက်မှာကို ဟန့်တားဖို့အတွက် ပူတင်က သတိပေးအချက်ပြမှုအဖြစ် ဒီစစ်ရေးလေ့ကျင့်မှုကို ဒီဇိုင်းထုတ်ထားတာလို့ သုံးသပ်ကြပါတယ်။
Source/Photo-Reuters