Home
မေးမြန်းခန်း
“တပ်မတော် မဟုတ်တော့ဘူး၊ စနစ်တကျစုဖွဲ့ထားတဲ့ စစ်သွေးကြွရာဇဝတ်ဂိုဏ်းတခုပဲ” - ဒေါက်တာမီမီဝင်းဘတ်
DVB
·
May 22, 2024
Interview_22052024

လက်ရှိ မြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်စစ်တပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီးဟောင်းလည်းဖြစ် အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်ပညာရှင်လည်းဖြစ်တဲ့ ဒေါက်တာ မီမီဝင်းဘတ်ကို DVB သတင်းဌာနမှ Bureau Chief ဒေါ်မွန်မွန်မြတ်က မေးမြန်းထားပါတယ်။

(အပြည့်အစုံ)

မေး - DVB သတင်းခန်းက ကြိုဆိုပါတယ်။ ကျမ မွန်မွန်မြတ်ပါ။ အခုလို ဖြေကြားဖို့ လာရောက်တာ ကျေးဇူးပါ။

ဒေါက်တာမီမီဝင်းဘတ် - “အခုလို ဖိတ်ကြားတာလည်း ကျေးဇူးတင်ပါတယ်။ အင်တာဗျူးမစခင် ရှင်းလင်းချက်လေး ပြောချင်ပါတယ်။ အဲဒါလေး နည်းနည်းပြောချင်ပါတယ်။ ကျမရဲ့ ဒီကနေ့ပြောတဲ့ မှတ်ချက်တွေ၊ အကဲဖြတ်သုံးသပ်မှုတွေ အားလုံးဟာ ကျမကိုယ်ပိုင်ထင်မြင်ချက်သာဖြစ်တယ် ဆိုတာပါ။ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုပါဘူး၊ အဲဒါလေး ရှင်းအောင်ပြောချင်တာပါ။”

မေး - ဒေါက်တာမီမီဝင်းဘတ်ရှင့်၊ ဥရောပတလွှား သွားလာလှုပ်ရှားနေတဲ့ အကြောင်းတွေ ဖတ်ရှုရပါတယ်။ မြန်မာအသိုက်အဝန်းသာမက နိုင်ငံတကာအသိုက်အဝန်းနဲ့ပါ ပြောဆို ဆွေးနွေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဒီခရီးစဉ်တွေအတွက် စေ့ဆော်မှု အကြောင်းလေး သိချင်ပါတယ်။ ဒီခရီးစဉ်တွေက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမူဝါဒနဲ့ ဂရုစိုက်မှုကို ဘယ်လိုပုံဖော်ပေးနိုင်သလဲ၊ မြန်မာ့အရေးမှာပေါ့။

ဖြေ - “ကျေးဇူးပါ၊ ဟုတ်ကဲ့၊ ဒီခရီးစဉ်တွေအတွက် ကျမမှာ ရည်ရွယ်ချက်နှစ်ခု ရှိပါတယ်။ ပထမအချက်က ပြည်ပရောက် မြန်မာအသိုက်အဝန်းပေါ့လေ၊ သူတို့ဟာ ဒီတော်လှန်ရေးမှာ အရမ်းအရေးပါပါတယ်။ ပြီးတော့ ဒီပဋိပက္ခကို သူတို့ ဘယ်လိုမြင်သလဲဆိုတာ ကြားသိချင်တာပေါ့။ သူတို့တွေ ဘယ်လိုခံစားရသလဲ၊ သူတို့ပြဿနာတွေက ဘာလဲပေါ့၊ ပြီးတော့ ပဋိပက္ခက လက်ရှိမှာ ဘယ်လိုအခြေအနေ ရှိနေပြီဆိုတဲ့ ကျမကိုယ်ပိုင် အမြင်ကိုလည်း မျှဝေပေးချင်တာပေါ့လေ။”

“ဒုတိယရည်ရွယ်ချက်ကတော့ မူဝါဒချမှတ်သူတွေ၊ ဆုံးဖြတ်ချက်ချမှတ်သူတွေရဲ့ မြန်မာ့အရေး မူဝါဒအပေါ် ပုံဖော်ပေးနိုင်ဖို့ပါ။ ဒါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက လူတွေနဲ့ ဆက်ဆံထိတွေ့တယ်ပေါ့။ မြန်မာ့အရေးမှာ သူတို့မူဝါဒအပေါ် လွှမ်းမိုးမှုရှိတဲ့ Think Tank အဖွဲ့အချို့နဲ့လည်း တွေ့ဆုံပါတယ်။ ဒါကြောင့် သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ကျမလေ့လာထားတဲ့၊ အကဲဖြတ်နားလည်ထားတဲ့အတိုင်းဆိုရင် ပဋိပက္ခက ဘယ်အခြေအနေ ရောက်နေပြီဆိုတာ ရှင်းပြဖို့ ကြိုးစားပါတယ်။”

မေး - ကျေးဇူးပါရှင့်၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ မူဝါဒ၊ အထူးသဖြင့် အနောက်နိုင်ငံတွေရဲ့ မူဝါဒ ပြောင်းလဲအောင်လို့ ကူညီပေးနိုင်မယ် မျှော်လင့်ပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းပဲ၊ အာဆီယံနိုင်ငံအများစုကတော့ သူတို့ရဲ့ ကြားဝင်မစွက်ဖက်ရေး မူဝါဒကို မြန်မာ့အရေးမှာ ဆက်ကိုင်စွဲထားကြတုန်းပဲလေ။ ဟိုးအရင်တုန်းကလိုပဲပေါ့နော်။ ဒါကြောင့် အာဆီယံနိုင်ငံအများစုက မြန်မာပဋိပက္ခကို ပြည်တွင်းရေးဆိုပြီး မျက်ကွယ်ပြုထားကြတယ် ပေါ့နော်။ အဲဒီ ကြားဝင်မစွက်ဖက်ရေးမူဝါဒက မြန်မာ့အရေးမှာ တကယ်အလုပ်ဖြစ်နေသေးရဲ့လား၊ မျက်မှောက်ကာလမှာ မြန်မာ့အရေးကို အိမ်နီးချင်းနိုင်ငံတွေ ဘယ်လိုစဉ်းစားသင့်ပါသလဲ။

ဖြေ - “ဟုတ်ကဲ့၊ အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဒေသတွင်းအရေးအဖြစ် မြင်ဖို့လိုတယ်လို့ ကျမထင်ပါတယ်။ ဒါက ပြည်တွင်းရေးဆိုပေမဲ့ ကျယ်ပြန့်တဲ့ ဒေသတွင်းဂယက်ရိုက်ခတ်မှု ရှိနေတယ်လေ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ သက်ရောက်မှု ပိုကြီးပါတယ်။ ဥပမာပြောရရင် အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်တွေ ဝင်ရောက်လာတာမျိုးပေါ့။ ဒါ့အပြင် ဒီပဋိပက္ခနဲ့အတူ နိုင်ငံဖြတ်ကျော် လုံခြုံရေးပြဿနာတွေ ဆိုတာလည်း ရှိလာတယ်လေ။ ဒါကြောင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ ထိန်းထားလို့ရတဲ့ ပဋိပက္ခ မဟုတ်တော့ပါဘူး။ ဒီပဋိပက္ခကို အခြေတည်ပြီး ပိုကျယ်ပြန့်တဲ့ ဒေသတွင်း ဂယက်ရိုက်ခတ်မှုကြီး ရှိလာပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ဒါကို ပြည်တွင်းရေးသက်သက်လို့ မမြင်ဘဲနဲ့ သေချာကြည့်ဖို့ လိုလာပါတယ်။ ပြည်တွင်းရေးလို့ မြင်တာက နည်းနည်း မဆီလျော်တော့ပါဘူး။ အပျင်းကြီးတဲ့ ဝတ်ကျေတန်းကျေ မူဝါဒမျိုး ဖြစ်နေပါတယ်။”

မေး - ဟုတ်ကဲ့။ နောက်ပြဿနာတခုလည်း ရှိပါသေးတယ်။ မြန်မာ-ရုရှား ဆက်ဆံရေးပေါ့လေ။ တချို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြောတာကတော့ ရုရှား-မြန်မာ ဆက်ဆံရေးက အာဏာသိမ်းပြီးနောက်ပိုင်း ပိုအားကောင်းလာတယ်လို့ ဆိုကြပါတယ်။ စစ်ကောင်စီဟာ တရုတ်ထက် ရုရှားကို ပိုအားကိုးလာတာ မြင်သာပါတယ်။ ပြီးတော့ ၁၀၂၇ စစ်ဆင်ရေးတို့၊ ၁၁၁၁ စစ်ဆင်ရေးတို့ အပြီးမှာ စစ်ကောင်စီနဲ့ တရုတ်ဆက်ဆံရေး ဘယ်လိုဖြစ်လာလဲပေါ့။ ၂၀၂၃ ထဲမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ ထိုင်းတို့ရဲ့ မြန်မာစစ်ကောင်စီအပေါ် မူဝါဒကို ပြောင်းလဲစေခဲ့တဲ့ စစ်ဆင်ရေးတွေ ရှိခဲ့တယ်လေ။ ဒီစစ်ဆင်ရေးတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မူဝါဒအပေါ် လေ့လာတွေ့ရှိမှုကို ရှင်းပြပေးလို့ ရနိုင်မလားရှင့်။

ဖြေ - “ဟုတ်ကဲ့။ ၂၀၂၁ အာဏာသိမ်းတုန်းက နိုင်ငံအများစုက စစ်တပ်ဟာ ပြိုလဲဖို့အတွက် ကြီးမားလွန်းတယ်။ စစ်တပ်ပဲ ထပ်နိုင်ဦးမယ် ထင်ခဲ့ကြတာပေါ့။ ဒါပေမဲ့ အခု စစ်တပ်ဟာ ပြိုလဲလုနီးပါး ဖြစ်နေပြီဆိုတဲ့ အချက်ကို သူတို့ စပြီး နားလည်လာကြပြီ။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ပြည်သူတွေဘက်က တကယ်နိုင်ခြေရှိတာကို မြင်လာရတယ်ပေါ့။”

“ပြီးတော့ တော်လှန်ရေးမဟာမိတ်တပ်တွေဟာ ပူးပေါင်းဆောင်ရွက်နိုင်တာ၊ လက်တွဲဆောင်ရွက်တာကို နိုင်ငံတကာအသိုင်းအဝိုင်းက မြင်လာတယ်ပေါ့။ စစ်တပ်ရဲ့ စစ်စွမ်းရည်ကို ကျော်လွှားနိုင်ဖို့ အဲဒီ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျမှန်းလည်း သူတို့သိတယ်လေ။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေတွေ ပိုရလာလေလေ စစ်မြေပြင်မှာ နိုင်ပွဲတွေ ရလာလေလေ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပိုနိုးကြားလာလေလေပေါ့။ အထူးသဖြင့် တရုတ်ပေါ့နော်၊ စစချင်းမှာတော့ သူတို့က စစ်ကောင်စီကို ထောက်ခံခဲ့ကြတာလေ၊ ဒါပေမဲ့ သူတို့ သဘောပေါက်လာတယ်၊ ကျားဖြန့်စင်တာတွေ၊ ဆိုက်ဘာလိမ်လည်မှုစင်တာတွေနဲ့ ပတ်သက်လာရင် စစ်ကောင်စီက ပြဿနာရဲ့ အစိတ်အပိုင်းပဲဆိုတာ သူတို့နားလည်လာတယ်။ စစ်တပ်က ဒါတွေ အဆင်ပြေအောင် လုပ်ပေးနေတယ်၊ အဲဒါတွေကနေ အကျိုးရနေတယ်ဆိုတာ သိလာတယ်။ ဒါကြောင့် စစ်တပ်ကိုပဲ မှီခိုနေလို့ မရဘူးဆိုတာ သူတို့ တကယ်နားလည်လာတယ်။ အဲဒါထက် ပိုအရေးကြီးတာက စစ်တပ်ဟာ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းမရှိဘူး ဆိုတဲ့အချက်ပဲ။”

“နောက်ဆုံးရအချက်အလက်တွေအရ ဆိုရင်လည်း စစ်ကောင်စီဟာ ထိန်းချုပ်ထားနိုင်တာဟာ နိုင်ငံထက်ဝက်မကျော်တော့ဘူးလို့ ဖော်ပြနေပါတယ်။ ကျန်တဲ့နယ်မြေအားလုံးကို ညွန့်ပေါင်းတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။”

မေး - ဟုတ်ကဲ့ရှင့်၊ တချိန်တည်းမှာပဲ စစ်ကောင်စီဟာ အတိုက်အခံ တော်လှန်ရေးတပ်တွေကို တန်ပြန်တိုက်ခိုက်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ ရုရှားဆီက ဒရုန်းဖျက်တဲ့နည်းပညာ တောင်းခံတာမျိုး အတိုက်အခံနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို တိုက်ခိုက်ဖို့ပေါ့လေ။ အတိုက်အခံ တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ပြန်တိုက်ခိုက်လာနိုင်တာမျိုး အလားအလာအပေါ် ဘယ်လိုမြင်ပါသလဲရှင့်။ ဆိုလိုတာက ဒရုန်းတိုက်ခိုက်မှုတွေ၊ ရုရှားနည်းပညာ အကူအညီနဲ့ တိုက်ခိုက်မှုတွေ ပိုများလာတာမျိုးပေါ့။

ဖြေ - “သိတဲ့အတိုင်းပဲ၊ စစ်တပ်က လက်နက်အင်အားနဲ့ စစ်လက်နက်ပစ္စည်းကို အမြဲအာရုံစိုက်ပါတယ်။ စစ်ယန္တရားတွေပါ့၊ ဒါပေမဲ့ သူတို့က မဟာဗျူဟာကို အာရုံမစိုက်သလောက်ပါပဲ။ စစ်ပွဲတွေဆိုတာ လက်နက်အင်အားနဲ့ အနိုင်ရတာမဟုတ်ဘဲ မဟာဗျူဟာနဲ့သာ အနိုင်ယူရတာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လက်နက်အင်အားကသာ  အဆုံးအဖြတ်ဖြစ်စေတဲ့ အရာဆိုရင် မဟာမိတ်အင်အားစုတွေက လက်နက်အင်အား အများကြီး အများကြီး ပိုနည်းပါးပါတယ်။ သူတို့တွေက စစ်တပ်ကို ဒီလောက်ထိ အောင်အောင်မြင်မြင် တွန်းလှန်ထားနိုင်ပြီးပါပြီ။ ဒီအခြေအနေထိရောက်အောင် ချနိုင်ပြီးပါပြီ။ အဲဒီတော့ ဒါတွေအားလုံးက မဟာဗျူဟာပါပဲ။ ပြီးတော့ ပုန်ကန်ထကြွတာ၊ ပုန်ကုန်မှုကို တန်ပြန်နှိမ်နင်းတာ ဆိုတဲ့ စစ်ဆင်ရေးမျိုးတွေမှာ ဒီလိုစစ်ဆင်ရေးမျိုးမှာ အဓိကကျတာက ကျမတို့အခေါ်တော့ “ဆွဲငင်အားရဲ့ဗဟိုချက်” ပေါ့။ အောင်ပွဲအတွက် အဓိက အခြေခံ လိုအပ်ချက်က လူထုထောက်ခံမှုပဲ။ လူထုထောက်ခံမှု မရဘူးဆိုရင် နိုင်မှာမဟုတ်ဘူး။ အခုမြင်တွေ့နေရတာကလည်း အဲဒီအတိုင်းပါပဲ။ မှန်ပါတယ်။ စစ်တပ်က လက်နက်အင်အားကို ဆက်ပြီး အာရုံစိုက်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ဒါပဲရှိတော့လို့ပါ။ ဒါပေမဲ့ ဒါက စစ်နိုင်စေရာ အကြောင်းတရား မဟုတ်ပါဘူး။ စစ်ပညာ သဘောတရားမှာပေါ့။”

မေး - ဟုတ်ကဲ့၊ အမရဲ့ အင်တာဗျူးတခုမှာ ဒီကနေ့ မြန်မာပဋိပက္ခမှာ စစ်ဆင်ရေးအသွင်အပြင် အပြောင်းအလဲကို ရည်ညွှန်းသွားတာ သတိပြုမိပါတယ်။ မြန်မာပဋိပက္ခမှာ အဲဒီ စစ်ဆင်ရေး အသွင်အပြင် အပြောင်းအလဲအကြောင်း ထပ်ရှင်းပြပေးလို့ရမလား။

ဖြေ - “ဟုတ်ပါတယ်၊ ပြောင်းလဲတယ်ဆိုတာက အရင်တော်လှန်ရေးတွေကနေ ပြောင်းလဲသွားတာမျိုးပါ။ ၁၉၈၈၊ ၂၀၀၇ တို့နဲ့ မတူတော့တာပေါ့။ ပြီးတော့ ဆယ်နှစ်လောက် တံခါးဖွင့်လိုက်တာ၊ ဆယ်နှစ်လောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်လိုက်တာဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ထာဝရ ပြောင်းလဲသွားစေခဲ့ပါတယ်။ ထာဝရပြောင်းလဲသွားတာပါ။ စစ်တပ်က အဲဒီအပြောင်းအလဲကို နားမလည်ခဲ့တာပါ။ ပြီးတော့ မတူညီတဲ့ အတွေးအခေါ်တွေလည်း အများကြီးဖြစ်လာတယ်၊ ဟုတ်တယ်မလား။ စိတ်အခံတွေ ပြောင်းသွားပြီး လုပ်နိုင်စွမ်းတွေ၊ လုပ်ရည်ကိုင်ရည်တွေကလည်း တက်လာတယ်။ အများစုက၊ ဥပမာပေးရရင်၊ နည်းပညာကို ဆန်းသစ်တီထွင်ပြီး သုံးလာနိုင်ကြတယ်၊ နည်းပညာကလည်း ပိုစျေးသက်သက်သာသာနဲ့ ရလာနိုင်တယ်လေ။ ဒါကြောင့် ဒီကိစ္စတွေအားလုံးက ပတ်ဝန်းကျင်သစ်ကို ဖြစ်စေတဲ့ အခရာကျတဲ့ အရာတွေပဲ။ ဒီအတောအတွင်းမှာ စစ်တပ်ကကျတော့ ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက သူတို့ရဲ့ဗျူဟာကို မပြောင်းနိုင်ခဲ့ဘူး။ သူတို့က ခေတ်မမီတော့တဲ့ မဟာဗျူဟာ အဟောင်းကြီးကိုပဲ ပြန်ကူးပြီး ထပ်သုံးနေကြတာ။ အခု ကျမတို့ မြင်နေရတာ အဲဒါပဲ၊ ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်ပဲ။ ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိအောင် မဟာဗျူဟာကို အလိုက်သင့် ပြောင်းရမှာ။”

မေး - ဟုတ်ကဲ့၊ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေကို သူတို့အာဏာအတွက် ခြိမ်းခြောက်မှုတရပ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြတာကို သတိပြုမိပါတယ်။ အခုဆိုရင် အဲဒါက ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်ပါတယ်။ အခု ဘယ်လိုပြောင်းလဲနေတယ်လို့ ထင်ပါသလဲရှင့်။ ကျမဆိုလိုချင်တာက အတိုက်အခံအင်အားစုတွေဟာ သူတို့အာဏာအတွက် ခြိမ်းခြောက်မှု ဖြစ်လာတယ်လို့ သူတို့ တွေးလာပြီလား။ ဘယ်လိုထင်ပါသလဲရှင့်။

ဖြေ -  “ဟုတ်ပါတယ်။ အတိုက်အခံအင်အားစုတွေက ဒီအချက်ကို ပြသခဲ့ပြီးဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကတည်းကပေါ့လေ။ ဒီ ၁၀၂၇ စစ်ဆေးရေး မတိုင်မီကတည်းကလို့လည်း ပြောလို့ရတယ်။ အတိုက်အခံ၊ မဟာမိတ်အင်အားစုတွေဟာ စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို တဖြည်းဖြည်းချင်း တိုက်စားပြုန်းတီးစေခဲ့ပါတယ်။ ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ ၃ နှစ်လောက်ကတည်းက တခြားအုပ်စုတွေကလည်း မြန်မာစစ်တပ်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်နိုင်စွမ်းကို တိုက်စားပြုန်းတီးစေခဲ့မှုမျိုး မရှိဘူးဆိုရင် ၁၀၂၇ စစ်ဆင်ရေး အောင်မြင်ဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ခုနကမေးခွန်းကို ပြန်မေးလို့ရမလား။ ကျမအတွေးက လွင့်သွားလို့။”

မေး - ဟုတ်ကဲ့၊ ထပ်မေးပေးပါမယ်။ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေကို သူတို့အာဏာအတွက် ခြိမ်းခြောက်မှုလို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ အခု အဲဒါဟာ ပြောင်းလဲလာနိုင်ပါတယ်။ ဘယ်လိုထင်ပါသလဲရှင့်။

ဖြေ - “ဟုတ်ကဲ့၊ အဲဒါက အချက် ၂ ချက်ရှိပါတယ်။ သူတို့က ကိုယ့်အဖွဲ့အစည်းကိုယ် တကယ်နားမလည်ပါဘူး။ ပြီးတော့ ပြောင်းလဲလာတဲ့ ပတ်ဝန်းကျင်ပေါ့။ ပြီးတော့ ပြည်သူတွေကလည်း ပြောင်းလဲသွားပြီလေ။ မြန်မာစစ်တပ်ကလည်း ဘယ်တုန်းကနဲ့မှ မတူအောင်ကို ကပ်ရောဂါလို အကျင့်ပျက် ခြစားနေတာလေ။ အထက်ကနေ အောက်ခြေထိ၊ အကျင့်ပျက်ခြစားမှု လယ်ဗယ်က စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို လုံးဝ ဝါးမျိုသွားတယ်။ ဒုတိယအချက်ကတော့ သူတို့က အကြောက်တရားဆိုတာ စည်းကမ်းလို့ ထင်နေတာပဲ။ ဒါကြောင့် သူတို့က စစ်သားတွေ၊ အရာရှိတွေကို အရမ်းကြောက်တတ်အောင် ရိုက်သွင်းပေးထားတာ။ အကုန်လုံးက အရာအားလုံးကို ကြောက်နေရရင် သူတို့တွေ စစ်ကို ဘယ်လိုနိုင်အောင် တိုက်နိုင်တော့မှာလဲ။ ဟုတ်ပါတယ်။ သူတို့ လူတွေကို သတ်ဖြတ်အောင် သင်ပေးထားပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် စစ်သည်တော်တွေဖြစ်အောင် သင်ပေးမထားဘူး၊ ဒါက ခြားနားချက်ပါ။ သူတို့ အဲဒါကို နားမလည်ဘူး။”

“ကျမ ရှေ့မှာပြောခဲ့သလိုပဲ၊ စစ်ဆင်ရေးအသွင်အပြင်က ပြောင်းသွားပြီ။ စစ်ဆင်ရေး အသွင်အပြင်မှာ လူတွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေက တက်လာတယ်။ ပိုပြီး တီထွင်ဆန်းသစ်လာတယ်။ ပိုပြီးတော့လည်း စိတ်နှစ်ပြီး လုပ်လာကြတယ်။ သူတို့တွေက အာဏာရှင်စနစ်ကို ပြန်မသွားဘူး၊ အဲဒီလိုမျိုး စိတ်နှစ်ထားကြတယ်။ အဲဒီလို စိတ်နှစ်မြှုပ်မှုမျိုး ဖြစ်လာတာက စစ်တပ်က ပြည်သူလူထုအပေါ် အကြောက်တရားကို အဓိက မဟာဗျူဟာ အနေနဲ့ အလွန်အကျူး သုံးတာကြောင့်လည်း ပါတယ်။ ပြောင်းပြန်ရလဒ် ထွက်လာတာပေါ့နော်။ အဲဒီအကြောင်းပြချက်တွေကြောင့်ပဲ သူတို့ တိုင်းပြည်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးလာတယ်။ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို ဆုံးရှုံးလာတယ်။ ပြီးတော့ ကျမပြောခဲ့သလိုပဲ ပြည်သူ့ထောက်ခံမှုမရှိရင် အနိုင်မရနိုင်ဘူး၊ တိုင်းပြည်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”

မေး - အခု ကျမတို့တွေ့ရသလောက် စစ်ကောင်စီဟာ နယ်စပ်ဒေသတွေအပေါ် ထိန်းချုပ်မှု ဆုံးရှုံးလာပါတယ်။ အမပြောသလိုပဲ တိုင်းပြည်ရဲ့ ၅၀ ရာခိုင်နှုန်းကျော် သူတို့ ဆုံးရှုံးခဲ့ရပြီးပြီ။ တချို့တွေကျတော့ မြန်မာနိုင်ငံဟာ ဘော်လ်ကန်ဒေသနိုင်ငံတွေလို ဖြစ်သွားမှာ စိုးရိမ်ကြတယ်။ မြန်မာနိုင်ငံကရော ဘော်လ်ကန်ကျွန်းဆွယ်လို အနှေးနဲ့အမြန် ဖြစ်လာနိုင်ခြေ အလားအလာ ရှိပါသလားရှင့်။

ဖြေ - “ဒီလိုပူပန်တဲ့ကိစ္စကို ကျမကို မကြာခဏ မေးကြပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အသိုက်အဝန်းကပေါ့လေ။ အခုလက်ရှိ အတူလက်တွဲလုပ်နေတဲ့ အတွေ့အကြုံတွေ အားလုံးအရ ပြောရရင် သူတို့အကြားမှာ မမျှော်မှန်းနိုင်လောက်တဲ့ အဆင့်အထိ ပူးပေါင်းဆောင်ရွက်မှုမျိုး ကျမတို့ မြင်နေရပါတယ်။ မဟာမိတ်တပ်ဖွဲ့တွေ ကြားမှာပေါ့။ ဒါ မြန်မာ့သမိုင်းမှာ ဒီအဖွဲ့တွေ ဘုံရန်သူတယောက်တည်းကို အခုလို အတူယှဉ်တွဲတိုက်ကြတာ ပထမဆုံးလို့တောင် ပြောလို့ရပါတယ်။ အတိတ်တုန်းက တချို့အခြေအနေတွေမှာဆို သူတို့ထဲက တချို့က ဆန့်ကျင်ဘက်တောင် ဖြစ်ခဲ့တာလေ။ ဟုတ်တယ်မလား။ ဒီပူးပေါင်းဆောင်ရွက်မှု လယ်ဗယ်နဲ့၊ ဒီလိုပူးပေါင်းဆောင်ရွက်ရတာက အင်မတန်လည်း ခက်ပါတယ်။ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ဘယ်သူမှလည်း လာကူညီမှာ မဟုတ်ဘူးလေ။ သူတို့ဘာသာ အချင်းချင်း ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ သူတို့နားလည်ထားတယ်၊ လုပ်လည်းလုပ်ခဲ့တယ်။ ဒီလို တွေ့ဆုံညှိနှိုင်းတဲ့အကျင့်၊ ပူးပေါင်းဆောင်ရွက်တဲ့အကျင့်ဟာ ပဋိပက္ခလွန် အခင်းအကျင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ဦးတည်သွားပါလိမ့်မယ်။”

“အကယ်၍ အဆိုးဆုံးအခင်းအကျင်းမှာ လူတိုင်းပြောနေကြတဲ့ ဘော်လ်ကန်ဒေသလို ဖြစ်သွားမလားပေါ့လေ။ အဲဒီလို ဘော်လ်ကန်ဒေသဖြစ်သွားတဲ့ အခြေအနေမှာတောင် အဲဒီကျွန်းဆွယ်ဟာ ပိုတည်ငြိမ်သွားတာ တွေ့ရမှာပါ။ ဘော်လ်ကန်ဒေသလိုမျိုး ဖြစ်သွားရင်တောင် ပိုတည်ငြိမ်သွားတာ ဖြစ်တဲ့အတွက် အဲဒီလိုဆိုလည်း ကောင်းတယ် ထင်ပါတယ်။ ပူစရာတော့ အကြောင်းမရှိဘူး ထင်ပါတယ်။ သိတဲ့အတိုင်းပဲ လက်ရှိအခြေအနေက ပိုဆိုးပါတယ်။ ဘော်လ်ကန်ဒေသလို ဖြစ်သွားမှာထက်ကို အများကြီး ပိုဆိုးပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့အပြား ဖျက်ဆီးနိုင်တဲ့ လက်နက်အင်အားရှိတဲ့ တခုတည်းသောအုပ်စု ဖြစ်ပါတယ်။ ပြီးတော့ အဲဒီအင်အားကိုလည်း သုံးနေတယ်ပေါ့။ အဲဒီအပြင်မှာမှ သူတို့တွေက သွေးခွဲတဲ့နည်းပေါ့။ သွေးခွဲနိုင်တဲ့ မဟာဗျူဟာပေါ့။ အဖွဲ့တွေကြားမှာ သတင်းမှားတွေနဲ့ နားလည်မှုတွေ လွဲအောင်လုပ်ဖို့ သူတို့က အဲဒီလိုဖြစ်အောင် လုပ်တာပေါ့။ အကယ်၍များ အဲဒီအချက်ကို ဖယ်လိုက်ရင်၊ လူတွေ အတူတကွ တည်ဆောက်နိုင်လာလိမ့်မယ်၊ အဖွဲ့တွေအကြားမှာ သတင်းမှားတွေနဲ့ ယုံမှားသံသယတွေ ရည်ရွယ်ချက်ရှိရှိဖြန့်ဖို့ ကြိုးစားတဲ့သူ မရှိရင်ပေါ့။ အဲဒါကြောင့် ဒီအကြောင်းပြချက်တွေကြောင့် ကျမကတော့ မပူပန်ပါဘူး။ ဒါက ပဋိပက္ခအလွန်မှ ကြုံရမယ့် ပြဿနာပါ။ ကျမဆိုလိုချင်တာက လွယ်တော့မလွယ်ဘူးပေါ့။ ပဋိပက္ခအလွန်မှာ လွယ်လွယ်လေးနဲ့ ပြေလည်သွားမယ်လို့တော့ ကျမပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီပဋိပက္ခကို လေ့လာနေကြတဲ့ အနောက်တိုင်းက တခြားလေ့လာသုံးသပ်သူတွေနဲ့ယှဉ်ရင် ကျမက အများကြီး အကောင်းမြင်ပါတယ်။”

မေး - ဟုတ်ကဲ့ပါရှင့်။ တဖက်မှာလည်း အရမ်းဒုက္ခရောက်နေကြတယ်၊  ပြည်သူတွေ သေနေရတယ်ပေါ့။ အဲဒီတော့ အရပ်သားတွေအနေနဲ့ မြန်မာပြည်က ပဋိပက္ခကို ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ် ထင်လဲရှင့်။ ပြီးတော့ မေးခွန်းတွေလည်း အများကြီး ပေါ်လာတယ်ပေါ့၊ ကျမတို့ ဒီ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကို မြန်မာပြည်မှာ ဆယ်စုနှစ် ၇ ခု၊ ၈ ခုလောက် တည်ရှိခဲ့တဲ့ ဒီအဖွဲ့အစည်းကို တကယ်ဖယ်ရှားနိုင်ပါ့မလားပေါ့။ အဲဒီတော့ အတိုက်အခံ အင်အားစုတွေက စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကို ဖယ်ရှားနိုင်ဖို့ဆိုတာ လက်တွေ့ကျပါ့မလား ပေါ့နော်။

ဖြေ - “ဟုတ်ပါတယ်၊ နိုင်ငံတွေမှာ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်း လိုအပ်ပါတယ်၊ ဒါက သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ အခုဖြစ်နေတာက အဲဒီလိုမဟုတ်ဘူး။ အကြီးစား ပြုပြင်ပြောင်းလဲမှု လုပ်မှရမယ်။ အခုရှိနေတာက စစ်ဘက်အဖွဲ့အစည်း မဟုတ်ပါဘူး။ ပြောရမှာ စိတ်မကောင်းစရာဆိုပေမဲ့ ဒီအဖွဲ့အစည်းကြီးက ရာဇဝတ်ဂိုဏ်းကြီးရှင့်။ စနစ်တကျ စုဖွဲ့ထားတဲ့ စစ်သွေးကြွ ရာဇဝတ်ဂိုဏ်းလို့ ပြောရမှာပေါ့။ ဟုတ်တယ်မလား။ ဒါက တပ်မတော်မှ မဟုတ်တာ။ သူတို့က နိုင်လည်းမနိုင်နိုင်ဘူး။ စုဖွဲ့မှုအားနည်းတဲ့၊ ရင်းမြစ်အားနည်းတဲ့၊ လေ့ကျင့်မှုအားနည်းတဲ့ PDF တွေကိုတောင်မှ တိုက်ပွဲတပွဲ နိုင်အောင်မှ မချနိုင်တာ။ အဲဒါ ဘယ်လိုလုပ်ပြီး ပြည်ပကျူးကျော်သူတွေရန်က ကာကွယ်ပေးနိုင်ပါ့မလဲ။ ပိုပြီးအားကောင်းတဲ့၊ ပိုပြီးစုဖွဲ့မှုကောင်းတဲ့  ပရော်ဖက်ရှင်နယ် တပ်မတော်တွေရန်က ဘယ်လိုကာကွယ်မလဲ။ ဟုတ်တယ်မလား၊ အခုရှိနေတာက  တပ်မတော် မဟုတ်တော့ဘူး။ စနစ်တကျ စုဖွဲ့ထားတဲ့ စစ်သွေးကြွ ရာဇဝတ်ဂိုဏ်းတခုပဲ။ ဒါကြောင့် ဟုတ်ပါတယ်။ မြန်မာဟာ နိုင်ငံတခုအနေနဲ့ တပ်မတော်ကို လိုအပ်ပါတယ်။ ဒါပေမဲ့ အခုရှိနေတဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူး။ ဒါကြောင့် ပဋိပက္ခလွန် အခြေအနေကျရင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရမယ်။ တပ်မတော်ကို ပရော်ဖက်ရှင်နယ်ကျအောင် လုပ်ရမယ်။”

မေး - ဒီအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ရှိနေသေးတယ် ထင်ပါသလား၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေရော ဘယ်အချိန် စသင့်တယ် ထင်ပါသလဲရှင့်။

ဖြေ - “အင်း၊ ဒါက မတူညီတဲ့ မေးခွန်းနှစ်ခုပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကတော့ ရှိနေပါတယ်။ သူဟာ အမြဲတမ်း နိုင်ငံ့မိခင် ဖြစ်ခဲ့သလို ပြည်သူတွေကလည်း သူ့ကို ချစ်ကြတယ်လေ။ ပြီးတော့ ပြည်သူလူထုအပေါ်မှာ အများကြီး ဩဇာရှိပါတယ်။ ဒါကြောင့် ဘယ်အခန်းကဏ္ဍက ပါဝင်မလဲဆိုတာ အတိအကျမသိပေမဲ့ နိုင်ငံ့မိခင်ကြီးအနေနဲ့တော့ ဆက်ပါဝင်နေရဦးမယ်လို့ ထင်ပါတယ်။ ဒုတိယမေးခွန်းက၊ တချက်မေ့သွားလို့။”

မေး - နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုပါ။ ဘယ်အချိန်စသင့်သလဲ ဆိုတာပါ။

ဖြေ - “အိုကေပါ၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုက လက်ရှိမှာလည်း မဟာမိတ်အင်အားစုတွေအကြား ရှိနေပါတယ်။ မဟာမိတ်အင်အားစုတွေဟာ စစ်ရေးအရ  အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်ရုံသာ မကဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကိုလည်း နည်းအမျိုးမျိုးနဲ့ အခုချိန်မှာ စတင်သင့်ပါတယ်။ K3C တို့ NUG တို့ ဆိုတာမျိုးတွေပေါ့နော်။ သူတို့တွေ ဆွေးနွေးနေတာ ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံး ပါဝင်လို့ ရနိုင်တဲ့ နောက်တဆင့်ကို သွားဖို့လိုတယ်လို့ ကျမထင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး စဖို့ပေါ့နော်၊ NUCC က ကြိုးစားနေတာမျိုးပေါ့နော်။ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကတော့ ဥပဒေစိုးမိုးဆောင်ရွက်နိုင်တဲ့ ယန္တရားတခု ရုပ်လုံးပေါ်မလာမချင်း မဖြစ်သင့်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုသဘောတူညီချက်ဖြစ်ဖြစ် စစ်တပ်က ဖောက်ဖျက်မှာပဲလေ၊ သဘောတူညီချက်တခုခု စညှိပြီဆိုတာနဲ့ သူတို့က ဖောက်ဖျက်နိုင်ခြေက များတယ်။ အဲဒီတော့ ဒီလိုချိုးဖောက်ရင်၊ အတည်ပြု လွှမ်းမိုးဆောင်ရွက်နိုင်တဲ့ ယန္တရား ရှိမှဖြစ်မှာ။ အဲဒီလိုယန္တရားနဲ့မှ ဖြစ်မှာ၊ ဒီလိုမှမဟုတ်ရင် စားပွဲဝိုင်းထိုင် ဆွေးနွေးတယ်ဆိုတာ အချိန်ဖြုန်းနည်းတမျိုးပဲဖြစ်မယ်။ စစ်တပ်က အားနည်းသွားမယ်၊ မဟာမိတ်အဖွဲ့တွေက သူတို့ဘာသာ အတည်ပြု ဆောင်ရွက်နိုင်မယ်။ ဒါမှမဟုတ် ပြင်ပအင်အားစုက လွှမ်းမိုးဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ဆွေးနွေးလို့ရမယ်။ ဒါမှမဟုတ်ရင်တော့ အချိန်ဖြုန်းတာသက်သက်ပဲ ဖြစ်မယ်။ စစ်တပ်ဟာ ညှိနှိုင်းထားတဲ့ သဘောတူညီချက်ကို ဖျက်ဖို့က ၁၀၀ ရာခိုင်နှုန်း သေချာနေတယ်လေ။ အဲဒါပါပဲ။ ကျမအဖြေက အဲဒီလိုပါ။”

မေး - အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ဒေါက်တာမီမီဝင်းဘတ်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အခုလို ကျမတို့သတင်းခန်းမှာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဖြေ - “ကျေးဇူးပါ။ အခုလို မေးမြန်းပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024