Home
မြန်မာသတင်း
ဖုချိမူစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ၄၈ ဦး လက်နက်ချ
DVB
·
May 22, 2024
war 3
war 2
war 1

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ခလန်ကျေးရွာနားမှာရှိတဲ့ ဖုချိမူ စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ၄၈ ဦး လက်နက်ချ အညံ့ခံခဲ့တယ်‌လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိတဲ့ ကော့ကရိတ် ဖုချိမူစခန်းကို ပြီးခဲ့တဲ့လထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး မေ ၁၈ ရက်မှာ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးခဲ့တာကြောင့် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက “ပထမလထဲက စခန်းကို ပတ်ပတ်လည်ဝိုင်းပြီး ရိက္ခာဖြတ်ထားတာ။ သူတို့ကို လက်နက်ချဖို့ အချိန်ပေးတဲ့ သဘောမျိုးပေါ့။ အဲ့အချိန်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးလည်း ရှိတယ်။ ၁၈ ရက်နေ့မှာ ဝင်တိုက်ခိုက်တော့ စခန်းထဲက အာဟာရပြတ်တာရော ဒရုန်းတို့ ၄၀ မမတို့ကြောင့် သေတာရော ၂၀ ကျော်လောက်ရှိတယ်။ ကျန်တဲ့သူတွေက ထွက်ပြေးသွားတာပေါ့။ သယ်နိုင်သလောက် လက်နက်တွေ သယ်သွားပြီး ၁၂၀ မမတို့ ၈၀ မမတို့လို ဟာမျိုးကတော့ ဖျက်ဆီးခဲ့တယ်” လို့ ပြောပါတယ်။

စခန်းက စွန့်ခွာထွက်ပြေးခဲ့တဲ့သူတွေထဲက ဒုတပ်ရင်းမှူး ရန်အောင် အပါအဝင် ၄၈ ဦးက KNLA ပူးပေါင်းတပ်ဖွဲ့ထံမှာ လာရောက်လက်နက်ချ အညံ့ခံခဲ့ပြီး ကျန်တဲ့ ၃၀ ကျော်ကတော့ ထိုင်းဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ထိုင်းဘက်ထွက်ပြေးခဲ့တဲ့ စစ်‌ကောင်စီတပ်သား ၃၀ ကျော်ဟာ မေ ၁၉ ရက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ အမျိုးသား ၃ ဦးတို့ကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးခဲ့တဲ့အပြင် လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ပစ်သတ်နေတာကြောင့် ဒေသခံတွေဟာ ဥယာဉ်ခြံထဲကိုတောင် မသွားရဲဘဲ ကြောက်နေကြောင်း ပိုက်ခလန်ရွာသားတဦးက ပြောပါတယ်။

“စစ်သား ၃၀ ကျော်က တစုတစည်းတည်းမသွားဘဲ လူခွဲပြီး ထိုင်းဘက်ထွက်ပြေး‌တော့ ပိုပြီးတော့ ကြောက်ရတာပေါ့။ နေရာအနှံ့မှာ သူတို့တွေ ရှိနိုင်တယ်လေ။ အခုဆို ဒီကဒေသခံတွေက အပြင်တောင် မထွက်ရဲဘူး။ KNU ကလည်း သတိနဲ့သွားလာဖို့ ပြောထားတယ်။”

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဖုချိမူ စစ်ကောင်စီတပ်စခန်းဟာ ၁၉၉၇ ခုနှစ်တည်းက စတင်တပ်ထိုင်ခဲ့ပြီး စကခ ၁၃ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ ၅၅၈၊ ခမရ ၅၆၁ နဲ့ ခြေလျင်တပ်ရင်း ခလရ ၉၉၃ အခြေချ တပ်စွဲထားတဲ့စခန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်ကလည်း ဖုချိမူစခန်း မြောက်ဘက်မှာရှိတဲ့ ဗျူဟာကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗျူဟာမှူး အပါအဝင် ၆၆ ဦး လက်နက်ချ အညံ့ခံခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013