Home
မြန်မာသတင်း
မိုးရွာသွန်းမှုကြောင့် မြဝတီ-ဘားအံ ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး အခက်ကြုံ
DVB
·
May 22, 2024
Myawaddy_HtotKawKoeRoad_22052024

ကရင်ပြည်နယ်မှာ မေ ၂၁ ရက် ညနေပိုင်းက ရွာသွန်းခဲ့တဲ့ မိုးကြောင့် ဘားအံ-မြဝတီ -ထို့ကော်ကိုး ခရီးသွားလမ်း အဆင်မပြေတာကြောင့် ခရီးသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေး အခက်အခဲကြုံ နေရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ထို့ကော်ကိုးလမ်းကြောင်းဟာ သစ်ထုတ်လုပ်မှုအတွက် ယာယီအသုံးပြုဖို့ လျာထားတာဖြစ်ပေမဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်း တိုက်ပွဲပြင်းထန်ဖြစ်ပြီးနောက်ပိုင်း မဖြစ်မနေ ခရီးသွားလာဖို့နဲ့ ကုန်စည် ပို့ဆောင်ဖို့အတွက် သုံးလာတာ ဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ဟာ မြန်မာနိုင်ငံရဲ့ ကုန်စည်စီးဆင်းရာနယ်စပ်မြို့ဖြစ်သလို စီးပွားရေး အချက်အချာကျတဲ့ ဒေသတခုလို့ ဆိုပေမဲ့ တိုက်ပွဲတွေကြောင့် လမ်းခရီး အဆင်မပြေမှုတွေဖြစ်ပေါ်လာပြီးနောက်မှာ ကုန်စည်နဲ့ အသီးအရွက်တင်ပို့ရောင်းချရာမှာ နိုင်ငံအတွက်ရော ကုန်သည်တွေအတွက်ပါ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့  လုပ်ငန်းရှင် တဦးက ရှင်းပြပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် ကုန်စည်တင်ပို့ရာမှာ အမြတ်နည်းပေမဲ့ ဖောက်သည် မပျက်ရေး လုပ်ကိုင်ကြရာမှာ ထို့ကော်ကိုးလမ်းမှ မြဝတီ ဒါမှမဟုတ် ဘားအံမြို့ အရောက်ဆိုရင် ၁၂ ဘီးကား တစီးကို ကျပ် ၁၀ သိန်းထက်မနည်း ဂိတ်ကြေးတွေ ပေးရတယ်လို့  လုပ်ငန်းရှင်က ဆက်ပြောပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းအသုံးပြုခွင့်မရတဲ့အချိန်မှာ ထို့ကော်ကိုးလမ်းကို သုံးရတာကြောင့် ယာဉ်တိမ်းမှောက်တာ၊ တိုက်တာနဲ့ စက်ပျက်စီးမှုတွေနဲ့ကြုံတွေ့နိုင်ရပြီး ခရီးသွားတွေအနေနဲ့ ရာသီဥတုကိုကြည့်ပြီး လိုရာခရီးသွားနိုင်ရေးအတွက် မဖြစ်မနေသွားရမည်ဆိုလျှင် စုံစမ်းသွားကြဖို့ ဒေသခံ တဦးက သတိပေးပြောပါတယ်။

မြန်မာ-ထိုင်းကုန်စည်စီးဆင်းမှုမှာ မြန်မာနိုင်ငံကနေ  ကျွဲ၊ နွား၊ ဆိတ် တင်ပို့ခွင့်ကို ထိုင်းနိုင်ငံက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ ပိတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလအတွင်း တင်ပို့ခွင့်ပြန်ပြုဖို့ ထိုင်းက ပြင်ဆင်နေပြီဟု ထိုင်းတာဝန်ရှိသူ တဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013