
ဗြိတိန်နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး မဟာဗျူဟာကျတဲ့ မိတ်ဖက်ဖြစ်ဖို့ အသင့်ရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။
၈ နှစ်အတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာဟာ တရုတ်နိုင်ငံကို ၄ ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေပြီး ရှီနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နဲ့ ဗြိတိန်တို့ဟာ နှစ်ပေါင်းများစွာ ဆက်ဆံရေး မပြေလည်မှု၊ လုံခြုံရေးအရ တရုတ်ကို သံသယဖြစ်ခဲ့ပြီးနောက် လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ ပူးပေါင်းဖို့ ရည်ရွယ်ထားပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာ့စင်မြင့်မှာ အဓိကကျတယ်လို့ ရှီကို စတာမာက ပြောခဲ့ပြီး ဗြိတိန်နဲ့ တရုတ် နက်ရှိုင်းတဲ့ အပြန်အလှန်ဆက်ဆံရေး တည်ဆောက်ဖို့ ဆန္ဒရှိတယ်လို့ သူက ပြောခဲ့ပါသေးတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လက်အောက်မှာ ခန့်မှန်းမရတဲ့ မူဝါဒတွေကြောင့် အနောက်နိုင်ငံ ခေါင်းဆောင်တယောက်ဖြစ်တဲ့ စတာမာဟာ တရုတ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရဖို့ ပြုလုပ်လာတာပါ။
စတာမာဟာ ပေကျင်းမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ စတာမာရဲ့ ဗဟိုလက်ဝဲယိမ်း လေဘာပါတီ အစိုးရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပေးထားတဲ့ ကတိတွေ ပြည့်မီအောင် စွမ်းဆောင်ဖို့ ရုန်းကန်နေရတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
တရုတ်နဲ့ ဆက်ဆံရေးကောင်းလာတာက စီးပွားရေးအခွင့်လမ်းတွေ ပိုများလာမယ်လို့လည်း စတာမာက မျှော်လင့်နေပါတယ်။
Source: Reuters


