
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ မဟာဗောဓာရုံကျောင်းမှာ ဇန်နဝါရီ ၂၈ ရက်မနက်က စာချဆရာတော် ဦးကေသရ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ပတ်သက်လို့ သံသယရှိသူတွေကို စစ်ဆေးနေဆဲဖြစ်ပြီး တရားခံတွေကို ဖမ်းမိခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဆရာတော်နဲ့ နီးစပ်သူ ဒေသခံ အမျိုးသမီး တယောက်က “ခုထိ တရားခံ မမိသေးပါဘူး။ သံသယ ရှိသူတွေကို စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
ဆွမ်းလာပို့တဲ့သူတွေက အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်တွေဖြစ်ပေမဲ့ သတင်းတွေ တက်နေတဲ့ ကျောင်းသား ၂ ယောက်က တရားခံတွေမဟုတ်ဘဲ သံသယရှိသူတွေသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“သတင်းထွက်နေတဲ့ ကျောင်းသား ၂ ဦးထက် သံသယဝင်စရာလူတွေ ဘုန်းဘုန်းနား အများကြီး ရှိနေတယ်။ ဘုန်းဘုန်းကို မကျေနပ်သူတွေ ကြေးစားငှား သတ်ခိုင်းတဲ့ သဘောဆိုရင် အမှန်ဆုံးပဲ။ စစ်ရှောင်ကိစ္စနဲ့ ဆက်နွှယ်မှုမရှိဘူး။ မိန်းမကိစ္စလည်း မဟုတ်ဘူး။ တရားခံပေါ် တော့မှာ မကြာခင်။”
ဘုန်းဘုန်းကို ကျောင်းသားတွေ သတ်တယ်ဆိုပြီး သတင်းအမှားတွေ ပြန့်နေတာတွေ့ရပြီး ကျောင်းသားတွေ ရန်ဖြစ်တဲ့ကိစ္စနဲ့ မဆိုင်ဘဲ ကျောင်းသားတွေ ရန်ဖြစ်တာနဲ့ ဘုန်ဘုန်း သတ်ခံရတာက တိုက်ဆိုင်သွားတာလို့ သူက ထပ်မံရှင်းပြပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဆရာတော်ဆီကနေ ဘာပစ္စည်းမှ ယူဆောင်သွားတာလည်း မရှိဘူးလို့ ဆိုပါတယ်။
မဟာဗောဓာရုံကျောင်းတိုက်က စာချဆရာတော် ဘဒ္ဒန္တ ဦးကေသရကို သတ်ဖြတ်တာ ကျောင်းသားတွေ ဆိုပြီး သတင်းမှားတွေ တက်နေတာကြောင့် အမှန်တကယ် ပြစ်မှုကျူးလွန်သူ ဘယ်သူမှန်း မသိရသေးခင်မှာ ထင်ကြေးနဲ့ မရေးကြဖို့ ဒေသခံ တယောက်ကလည်း မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။
ကား/ဆိုင်ကယ် အသွားအလာ မပြတ်ဘဲ လူစည်ကားနေတဲ့ မန္တလေးလမ်းပေါ်မှာရှိတဲ့ မဟာဗောဓာရုံကျောင်းတိုက်က စာချဆရာတော် ဘဒ္ဒန္တကေသရ (ဦးကေ) ကို ဖြစ်သလို ချက်ထားတဲ့ မုန့်ဟင်းခါး တပွဲ၊ ဟောင်းနွမ်းနေတဲ့ စာအိတ်ထဲ ကျပ် ၁၀၀၀ တန်အနွမ်း သုံး၊ လေးရွက်၊ ညှိုးနွမ်းနေတဲ့ သပြေပန်း တစည်းနဲ့ အမျိုးသား ၂ ယောက်က ဆွမ်းကပ်ဖို့ ဟန်ဆောင်ပြီး ဆရာတော်ရဲ့ ရင်ဝတဝိုက် ဓားနဲ့ ၁၂ ချက်လောက် ထိုးခဲ့ပြီး ဦးခေါင်းကိုလည်း တူနဲ့ပါ ထုရိုက် သတ်ဖြတ်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
တရားခံဟာ ဆရာတော်ထံကနေ ပစ္စည်းတွေဘာမှ မယူသွားဘဲ လုပ်ကြံခဲ့သူတွေ ဖုန်းတလုံး ကျန်ရစ်ခဲ့ကြောင်း၊ ဆရာတော်ရဲ့ ဈာပနပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ ပြုလုပ်မှာဖြစ်ကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။


