
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၄ မှာရှိတဲ့ မဟာဗောဓရုံ ဘုန်းကြီးကျောင်းက ဆရာတော်တပါးကို ဓားနဲ့ထိုးပြီး တူနဲ့နဲ့ ထုသတ်ခဲ့တဲ့ ၇ တန်းကျောင်းသား ၂ ယောက်ကို ဇန်နဝါရီ ၃၀ ရက် မနေ့ညပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ နယ်ခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲဒီကျောင်းသားတွေဟာ အထက ၆ က ကျောင်းသားတွေဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်က မဟာဗောဓရုံ ကျောင်းတိုက်အနီးမှာ အုပ်စုဖွဲ့ရန်ဖြစ်နေတုန်း ဆရာတော်က လေးခွနဲ့ပစ်ပြီး ဟန့်တားခဲ့လို့ လက်မောင်းကို လေးခွထိမှန်ခဲ့တဲ့ ကျောင်းသား ၂ ယောက်က ဆရာတော်ကို မကျေနပ်တာကြောင့် နောက်တနေ့ ဇန်နဝါရီ ၂၈ ရက်မှာ ကျောင်းအတွင်း ဝင်ရောက် သတ်ဖြတ်ခဲ့တာလို့ လားရှိုးဒေသခံတယောက်က ပြောပါတယ်။
"ဆရာတော်က လေးခွနဲ့ပစ်တော့ ကျောင်းသား ၂ ယောက်ကို မှန်သွားတာ။ အဲဒါကို မကျေနပ်ပြီး နောက်နေ့ကျ ဆွမ်းကပ်မယ်ဆိုပြီးလာသတ်တာ။ ခေါင်းကို တူနဲ့ထုပြီးတော့ ဓားနဲ့ထိုးသတ်သွားတာ။ ၁၂ ချက်လောက် ထိုးသွားတာ။”
ကျောင်းသား ၂ ယောက်ကို အခင်းဖြစ်နေရာမှာ ကျကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းကတဆင့် ခြေရာခံမိခဲ့ပြီး အခင်းဖြစ်ပြီး နောက်တနေ့ ဇန်နဝါရီ ၂၉ ရက် ညပိုင်းမှာ စစ်တပ်နဲ့ ရဲက ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ သက်တော် ၆၀ အရွယ်ရှိတဲ့ ဆရာတော် ဦးကေသရ ဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ ကျောင်းသားတွေဟာ အသက် ၁၆ နှစ်အရွယ် ၇ တန်းကျောင်းသားတွေ ဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်ကလည်း ရွှေပြည်သာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအရှေ့က အထက ၁ ကျောင်းမှာ ကျောင်းသားချင်း ရန်ဖြစ်ပြီး ၇ တန်းကျောင်းသားတယောက် အသက်သေဆုံးခဲ့ကာ ကျူးလွန်ခဲ့တဲ့ ၈ တန်းကျောင်း ကျောင်းသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။


