
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော်တပါးကို အမည်မသိ လူ ၂ ယောက်က ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်လာပြီး သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၈ ရက် မနက်က လားရှိုးမြို့၊ အမှတ် ၄ ရပ်ကွက်၊ မန်းလေးလမ်း၊ ရေကန်လမ်းဆုံ မီးပွိုင့်အနီးမှာရှိတဲ့ မဟာဗောဓာရုံ ကျောင်းတိုက်က သက်တော် ၆၀ အရွယ်ရှိ ဆရာတော် ဦးကေသရရဲ့ ဦးခေါင်းကို လူ ၂ ယောက်က တူနဲ့ထုပြီး ဝမ်းဗိုက်ကိုလည်း ဓားနဲ့ထိုးကာ သတ်သွားတာလို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
“ဘယ်အချိန်ဖြစ်သွားလဲတော့ မသိဘူး။ မနက်အစောပိုင်းက ဆိုင်ကယ်နဲ့ လူ ၂ ယောက် ထွက်သွားတာတော့ မြင်လိုက်တယ်။ ဆရာတော်က စစ်ရှောင်တွေ ကူညီနေတဲ့သူဆိုတော့ ခါတိုင်းလိုပဲ ဝင်ထွက်နေတာပဲလို့ ထင်မိတာ။ ဆရာတော်ရဲ့ ဝေယျာဝစ္စလုပ်ပေးနေသူတွေလာမှ ဆရာတော် အသတ်ခံထားရတာကို သိရတာ။”
လူသတ်မှုကျူးလွန်တဲ့ အမျိုးသား ၂ ယောက်ကို ရဲနဲ့ စစ်တပ်က အပူတပြင်း လိုက်လံစုံစမ်းနေပြီး လားရှိုးအမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။


