
လင်မယားချင်း စကားများရန်ဖြစ်ရာက ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ လူသတ်မှုမှာ သေဆုံးသူဘက်က ဆွေးမျိုးသားချင်း မရှိတာကြောင့် အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီက မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ မြောက်ပိုင်း တော်ဝင်လမ်းမှာ လင်မယားချင်း စကားများ ရန်ဖြစ်ရာက ခင်ပွန်းဖြစ်သူ ကိုသူရဇော်ဇော်က ဇနီး မဟေမန်သူကို ခေါင်းဖြတ်သတ်ခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“သူတို့လင်မယားက တော်ဝင်လမ်းမှာ ငှားနေတာ။ အဲဒီနေ့မနက်က လင်မယားတွေ စကားများကြတယ်၊ စကားများပြီးတော့ ကောင်မလေးကို ဓားနဲ့ခုတ်တာ လက်တွေရော ပခုံးတွေရော၊ ပြီးတော့ ခေါင်းဖြတ်ပြီး အဲဒီခေါင်းကြီးကိုင်ပြီး ထွက်ပြေးတာ၊ ထွက်ပြေးရင်း ကားတစီးကို ဓားနဲ့ထောက်ပြီး ပြေးတဲ့အချိန် ရဲတွေက မိသွားတာ။”
သေဆုံးသူမှာ အသက် ၃၀ အရွယ်ရှိ မဟေမန်သူ ဖြစ်ပြီး သားသမီးနှစ်ယောက် ကျန်ခဲ့ကာ သေဆုံးချိန်မှာ ဆွေးမျိုးသားချင်း မရှိတာကြောင့် ပြစ်မှုကျူးလွန်သူကို အုပ်ချုပ်ရေးအဖွဲ့က တရားလိုပြုလုပ်ပြီး အမှုဖွင့်လှစ်ထားတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“သေသွားတဲ့ကောင်မလေးက သာယာဝတီမှာ နေတာ၊ လူသတ်မှုမဖြစ်ခင်ကလည်း မကြာခဏ ဆိုသလို စကားများ ရန်ဖြစ်တယ်။ အိမ်ထောင်ပြဿနာ ရှိတယ်လို့လည်း ကြားသလို ကောင်လေး ဂိမ်းရှုံးတာနဲ့ မူးယစ်ဆေးဝါးစွဲနေတာလို့လည်း ပြောကြတယ်။ ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ လူသတ်မှုဖြစ်တဲ့အချိန် ဆွေးမျိုးသားချင်းမရှိလို့ အုပ်ချုပ်ရေးက ဦးခင်မောင်သန်းက တရားလိုလုပ်ပြီး အမှုဖွင့်ထားရတယ်။ အမှုကိုတော့ မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်။”
လက်ရှိအခြေအနေမှာ ပြစ်မှုကျူးလွန်သူ သူရဇော်ဇော်ကို မှော်ဘီမြို့မရဲစခန်းက (ပ) ၂၉/၂၀၂၆ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။


