
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတော ပေတရာ မြောက်ပိုင်းရပ်ကွက်မှာ ဇန်နဝါရီ ၂၄ ရက်က လင်မယားချင်း စကားများ ရန်ဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဇနီးသည်ကို ခေါင်းဖြတ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့မနက် ၁၀ နာရီက ဆပ်သွားတော ပေတရာ မြောက်ပိုင်းရပ်ကွက်မှာ လင်မယားချင်း စကားများပြီး ဇနီးဖြစ်သူကို ခင်ပွန်းက နေအိမ်မှာ ခေါင်းဖြတ် သတ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ကောင်မလေးက အထည်ချုပ်စက်ရုံက အလုပ်ထွက်ထားတာ မကြာသေးဘူး။ ကောင်လေးက ဆေးစွဲနေတာ၊ စကားများပြီး ကောင်မလေးကို ခေါင်းဖြတ်သတ်ပြီး ထွက်ပြေးသွားတာ။ သတ်တဲ့ ကောင်လေးကို ရဲတွေက မိသွားတယ်လို့ကြားတယ်။”
ပြစ်မှုကျူးလွန်ပြီး အဆိုပါအမျိုးသားဟာ ခေါင်းပြတ်ကြီးကိုင်ကာ ယာဥ်တစီးကို ဓားနဲ့ထောက်ကာ မောင်းပြေးခိုင်းတာကြောင့် မှော်ဘီတိုးဂိတ်မှာ ရဲတွေက ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဆေးကြောင်ပြီး သတ်တာပါ။ သတ်ပြီးတော့ သူ့မိန်းမခေါင်းကြီး ကိုင်ပြီး ထွက်ပြေးတာ။ လမ်းမှာ ကားတစီးကို ဓားနဲ့ထောက်ပြီး မောင်းပြေးခိုင်းတာ။ ရဲတွေက လိုက်တာ မှော်ဘီတိုးဂိတ်မှာ ဖမ်းမိသွားတယ်။ လတ်တလော ရဲစခန်းက စစ်ဆေးနေတယ်။”
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ အမျိုးသားကို မှော်ဘီမြို့မရဲစခန်းက (ပ) အမှတ် ၈၁/၂၀၂၆ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။


