
လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း (IQAir) ရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ AQI (Air Quality Index- လေထုအရည်အသွေး အညွှန်းကိန်း) ၁၀၄ မှာရှိနေခဲ့ပြီး ကျန်းမာရေးထိခိုက်စေတဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
AQI (Air Quality Index- လေထုအရည်အသွေး အညွှန်းကိန်း ၁၀၄ ဆိုတဲ့ အညွှန်းကိန်းဟာ ထိခိုက်လွယ်တဲ့ အုပ်စုတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့ လိမ္မော်ရောင်အဆင့် အခြေအနေ ဖြစ်ပါတယ်။
လေထုအရည်အသွေး သတ်မှတ်ချက် လိမ္မော်ရောင်အဆင့် ဆိုတာကတော့ ၁၀၁ ကနေ ၁၅၀ အထိ ဖြစ်ပြီး အသက်အရွယ်ကြီးသူတွေ၊ ကလေးငယ်တွေနဲ့ ပန်းနာရင်ကျပ်ရောဂါရှိသူတွေအတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ နဲ့ ၁၇ တွေမှာတော့ အနီရောင်အဆင့် အခြေအနေမှာ ရှိနေခဲ့တာဖြစ်ပြီး အနီရောင်အဆင့်ကတော့ လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အဆင့် ဖြစ်ပါတယ်။
ဒီလို လေထုညစ်ညမ်းနေတာတွေကို ရန်ကုန်မြို့မှာ ထုတ်ပြန်ကြေညာတာတွေ မရှိပေမမဲ့ ဒေသခံလူထုကတော့ သတိထားမိပါတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူ အန်တီဝင်း(အမည်လွှဲ)က ပြောပါတယ်။
“လေထုညစ်ညမ်းတာက အခု အိမ်ပေါ်နေရင်းနဲ့ကို ဘယ်လိုကြီးမှန်း မသိဘူး။ ဂျစ်တစ်တစ် အနံ့ကြီးတွေ၊ ကန်တော်ကြီးထဲ လမ်းလျှောက်တာကို အသက်ရှူရတာ မဝဘူး။ ဒါပေမဲ့လည်း Mask တွေ မတပ်ကြဘူး။ အခု လူတော်တော်များများ ဘယ်သူ့ ကြည့်လိုက်ကြည့်လိုက် ချောင်းဆိုးကြတာ၊ အဆုတ်တွေ မကောင်းတာလား မသိဘူး။ ဘယ်သူ့ မေးလိုက်မေးလိုက် ချောင်းတဟွပ်ဟွပ်နဲ့ ဆိုးနေတာ၊ မြူလား လေထုညစ်ညမ်းတာလား၊ နှစ်ခုလုံး ဖြစ်တာနေမှာပေါ့။ ပတ်ဝန်းကျင်ကြီးက ကြည့်လိုက်ရင် အဲဒီလို မှုန်မှုန်မှိုင်းမှိုင်းကြီးပေါ့၊ လေထုက ညစ်ညမ်းတာ သိသာပါတယ်။”
IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာ ဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံး၊ ဂျာမနီသံရုံးအပါအဝင် နေရာ ၅ ခုမှာရှိတဲ့ လေထုအရည်အသွေးတိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာ ဖြစ်ပါတယ်။
လေထုအရည်အသွေးတိုင်းတာရာမှာ PM2 ဒသမ 5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း)ကို အဓိထားတိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။
WHO ရဲ့ လမ်းညွှန်ချက်အရ PM2 ဒသမ 5 ရဲ့ တနှစ်တာ ပျမ်းမျှပမာဏဟာ 5 µg/m³ (Micrograms per cubic meter) ထက် မကျော်သင့်သလို၊ ၂၄ နာရီ ပျမ်းမျှပမာဏဟာ 15 µg/m³ ထက် မကျော်သင့်ပါဘူး။
ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းမှာတော့ ရန်ကုန်မြို့ရဲ့ PM 2.5 level ဟာ 37 µg/m³ ဖြစ်နေတာပါ။ ဒါကြောင့် 37 µg/m³ ဆိုတာ WHO သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံတဲ့ အဆင့်ထက် များနေတာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ကိုအောင်ဆက်ကတော့ လေထုညစ်ညမ်းရင် ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အဓိကကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“အသက်ရှူလမ်းကြောင်းရယ်၊ အဆုတ်ရယ်၊ နှလုံးရယ်၊ သွေးကြောစနစ်ရယ်ကို အဓိက ထိခိုက်စေတယ်။ အရမ်းလေထု ညစ်ညမ်းမှုဆိုးနေတဲ့အချိန် အိမ်အပြင် ထွက်မိရင် ချက်ချင်း အသက်ရှူကျပ်လာတာ၊ ချောင်းဆိုးတာ၊ ရင်ကျပ်တတ်တဲ့သူဆိုရင် ရင်ကျပ်လာတာ၊ အသက်ရှူမဝတာတွေ ဖြစ်တယ်။ နောက် လေပြွန်ရောင်မယ်၊ အဆုတ်ရောင်မယ်၊ ဆိုတော့ အဲဒီပြဿနာတွေ ရင်ဆိုင်ရမယ်။ ဒါကတော့ short term ပေါ့။ နောက် Long term အနေနဲ့ ဆိုရင်တော့ နာတာရှည် အဆုတ်ရောဂါ ဖြစ်မယ်၊ နာတာရှည် လေပြွန်ရောင်တဲ့ရောဂါ ဖြစ်နိုင်တယ်။ အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်။ နှလုံးရောဂါ ဖြစ်နိုင်တယ်။ ကလေးတွေ ဆိုရင်၊ ကလေးငယ်ငယ်လေးတွေ ဆိုရင် ပိုဆိုးတာပေါ့။ အဆုတ်ဖွံ့ဖြိုးမှု ထိခိုက်သွားနိုင်တယ်။ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ သေဆုံးနိုင်ခြေတွေ ပိုများလာနိုင်တယ်။”
သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အဆုတ်ရောဂါ၊ နှလုံးရောဂါ အခံရှိတဲ့သူတွေက လေထုညစ်ညမ်းတာရဲ့ ဒဏ်ကို ပိုပြီး ခံရနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီလို လေထုညစ်ညမ်းတာတွေက ဆောင်းရာသီနဲ့ နွေရာသီတွေမှာ ဖြစ်တတ်ပြီး ရန်ကုန်မြို့လို မြို့ကြီးတွေမှာ ယာဉ်အသွားအလာတွေက ထွက်တဲ့ မီးခိုးငွေ့၊ မီးစက်ကနေထွက်တဲ့ မီးခိုးငွေ့၊ စက်မှုဇုန်တွေကနေ ထွက်ရှိလာတဲ့ မီးခိုးငွေ့တွေနဲ့ အမှိုက်မီးရှို့တာ စတဲ့ အချက်တွေက လေထုညစ်ညမ်းမှုကို ဖြစ်စေတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေက ဆိုပါတယ်။
ကျန်းမာရေး မထိခိုက်အောင်ဆိုရင် အပြင်ထွက်တိုင်း N95 လို Mask ကို ရွေးချယ်ပြီး တပ်သင့်သလို လေထုညစ်ညမ်းနေချိန်မှာ အားကစား လုပ်တာမျိုးကို ရှောင်သင့်ပါတယ်။
လေနဲ့အတူ ပါလာတဲ့ PM 2.5 အမှုန်တွေ၊ ညှော်နံ့တွေ၊ ဖုန်မှုန့်တွေကို သစ်ရွက်တွေက စစ်ထုတ်ပြီးတော့ ဖယ်ရှားပေးတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက သစ်ပင်မရှိတဲ့ နေရာမျိုးတွေမှာ သစ်ပင်စိုက်ကြဖို့ သစ်ပင်ရှိပြီးသား နေရာတွေမှာလည်း စိမ်းလန်းစိုပြည်နေအောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အကြံပေးထားကြပါတယ်။
မြတ်သဇင်


