Home
မြန်မာသတင်း
တန်ဖိုးသင့်အိမ်ရာစီမံကိန်း ၅ ခု တင်ဒါ သာမန်လုပ်ငန်းရှင်များအတွက် မျှော်လင့်ချက်မရှိဟုဆို
DVB
·
January 19, 2026

ရန်ကုန်မြို့မှာ ပုဂ္ဂလိကနဲ့ အကျိုးတူ တန်ဖိုးသင့်အိမ်ရာစီမံကိန်း ၅ ခု ဆောက်လုပ်ဖို့အတွက် စစ်ကောင်စီလက်အောက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က တင်ဒါခေါ် ထားပါတယ်။

လူနေတိုက်ခန်း ၁,၁၀၀ ကျော်ထွက်လာမဲ့ အိမ်ရာစီမံကိန်းတွေကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ အကောင်အထည်ဖော် ဆောက်လုပ်သွားမှာလို့ ဆိုပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ အိမ်ရာစီမံကိန်း ၄ ခုထားရှိကာ ၄ ခန်းတွဲ ၆ ထပ်တိုက် ၈လုံး၊ ၄ ခန်းတွဲ ၆ ထပ်တိုက် ၁၀ လုံးနဲ့ Shop House အလုံး ၂၀ ဆောက်လုပ်မှာဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း ၄ ခန်းတွဲ ၆ ထပ်တိုက် ၁၀ လုံး ဆောက်မှာလို့ တင်ဒါဖိတ်ခေါ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအိမ်ရာစီမံကိန်းအတွက် YCDC က ပုဂ္ဂလိကကို တင်ဒါခေါ်ထားပေမဲ့ သာမန်လုပ်ငန်းရှင်တွေ လုပ်ခွင့်ရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ဆောက်လုပ်ရေးလုပ်ငန်း အသိုက်အဝန်းက ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းနဲ့ နီးစပ်သူတယောက်က “တင်ဒါ ခေါ်တယ်ဆိုတာက ဟန်ပြလောက်ပဲ။ လုပ်ခွင့်ရသူက ရပြီးနေလောက်ပြီ။ မင်းအောင်လှိုင်ရဲ့သား မဟုတ်ရင်တောင် စစ်ဗိုလ်ချုပ် မိသားစုထဲက ရမယ်ဆိုတာ ဆောက်လုပ်ရေးလောကထဲက သူတွေက သိနေတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံမှာ Sky One ဆောက်လုပ်ရေးကုမ္ပဏီကို ထောင်ထားပြီး အာဏာသိမ်းပြီးနောက်ပိုင်း စီမံကိန်းအများစုကို သူ့ရဲ့ ကုမ္ပဏီနဲ့ တခြားနာမည်နဲ့ ဖွင့်ထားတဲ့လုပ်ငန်းတွေက လုပ်ပိုင်ခွင့်ရနေခဲ့တာလို့ ထွက်ပေါ်လာတဲ့ မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန်မြို့က မင်္ဂလာဒုံ စစ်ဆေးရုံ အဆောက်အအုံအသစ်၊ ဘောက်ထော် ကလေးဆေးရုံတို့ကို အောင်ပြည့်စုံက ဆောက်လုပ်ခွင့်ရခဲ့တာဖြစ်သလို အခြားလုပ်ခွင့်ရခဲ့တဲ့ စီမံကိန်းအများအပြား ရှိသေးတယ်လို့ ဆိုပါတယ်။

အခုအကောင်အထည်ဖော်မဲ့ အိမ်ရာစီမံကိန်းအတွက် တင်ဒါပုံစံကို ဇန်နဝါရီ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်အထိ ရောင်းချမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မှာ အာမခံကြေးနဲ့ တင်ဒါတင်သွင်းရမှာလို့ ဆိုပါတယ်။

တင်ဒါပွဲပြုလုပ်မဲ့ရက်ကိုတော့ ဖော်ပြထားတာမရှိသေးဘဲ ကြိုတင်အသိပေး အကြောင်းကြားသွားမယ်လို့ ဆိုကာ ဝင်ပြိုင်မဲ့ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ/BOD အဖွဲ့ထဲမှာ YCDC အသိအမှတ်ပြု ကန်ထရိုက်တာလိုင်စင် (LC) ရှိသူ ပါရမယ်လို့ အသိပေးထားပါတယ်။

အဲစီမံကိန်းအတွက် လျာထားတွက်ချက်မှုအရ ရောင်းချမဲ့ဈေးနှုန်းနဲ့ ရောင်းချမဲ့ပုံစံကို အသိပေး ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013