
ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောလက်စ်တေ သမ္မတက လက်ခံတွေ့ဆုံခဲ့ပြီး သမ္မတရုံးကနေ တရားဝင် သတင်းထုတ်ပြန်တဲ့အပေါ် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖြေရှင်းပြန်ကြားပေးဖို့ တောင်းဆိုထားတယ်လို့ ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တီမောလက်စ်တေသမ္မတ ဟိုဆေးရာမို့စ်ဟော်တာဟာ ချင်းလူ့အခွင့်အရေးအဖွဲ့ကို ဇန်နဝါရီ ၁၄ ရက်မှာ လက်ခံတွေ့ဆုံပြီး ဒေသတွင်းတရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့တဲ့သတင်းကို တီမောလက်စ်တေ သမ္မတရုံး ဝက်ဘ်ဆိုက်မှာ တရားဝင် ထုတ်ပြန်ထားတာကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ကို တီမောလက်စ်တေနိုင်ငံ ဝင်ဖို့လျှောက်ထားတုန်းက မြန်မာနိုင်ငံက ကန့်ကွက်ထားခဲ့ပြီး ပြည်တွင်းရေးဝင်မစွက်ဖို့ တီမောလက်စ်တေက အကြိမ်ကြိမ် ကတိပေးတာကြောင့် ဆက်မကန့်ကွက်တော့ဘဲ အာဆီယံ တူညီဆန္ဒနဲ့ လိုက်ပါ ဆောင်ရွက်သွားမယ် ဆိုပြီး မြန်မာက ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆီကို အသိပေးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးက ဆိုပါတယ်။
ဇန်နဝါရီ ၁၆ ရက်မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ပြီး ပြည်တွင်းရေးကို စွက်ဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဖြေရှင်းပြန်ကြားပေးဖို့ တောင်းဆိုကြောင်း ဖော်ပြတဲ့ သတိထောက်လွှာကို ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပေါ်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာကလည်း ‘ပဋိညာဉ် ချိုးဖောက်၊ ကျင့်ဝတ်ကင်းမဲ့ ကိုယ်တိုင်ပြုသည့် ကတိကဝတ် ပျက်ကွက်’ ဆိုပြီး ဇန်နဝါရီ ၁၉ ရက်ထုတ် အယ်ဒီတာ့အာဘော်မှာ ဖော်ပြပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက်က တီမောသမ္မတ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်နဲ့ သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံပြီး မြန်မာအာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို တင်ပြပြောခဲ့ကြပါတယ်။
ပြီးတော့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောရှေ့နေရုံးမှာ ဇန်နဝါရီ ၁၂ ရက်က လျှောက်လွှာတင်သွင်းထားတာရှိပါတယ်။
တီမောနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကို အားပေးထောက်ခံနေတဲ့နိုင်ငံ ဖြစ်ပြီး အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ဖိတ်ခေါ်ခဲ့တာပါ။ ဒါကြောင့် ၂၀၂၃ ခုနှစ်တုန်းကလည်း မြန်မာမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပါသေးတယ်။


