
စစ်ကိုင်းတိုင်းအထက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ကို စစ်ကောင်စီ နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာ တပတ်ကျော်ကြာလာပြီဖြစ်ပြီး မြေပြင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ဗန်းမောက်ရှေ့တန်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဗန်းမောက်ထဲတော့ နေ့တိုင်းနီးနီးဖြစ်နေတယ်၊ သူတို့ဘက်က ပြန်ပြီးထိုးနေတဲ့ အနေအထားတော့ ရှိတာပေါ့၊ လေကြောင်းနဲ့ပစ်၊ လမ်းကြောင်းပြန်ရှင်း အဲလို နေ့တိုင်းလုပ်နေတယ်။ အခုရက်ပိုင်းကတော့ ဆက်တိုက်ထိုးနေတယ်၊ ကျနော်တို့ဘက်ကလည်း နှစ်အိမ်ကျော၊ သုံးအိမ်ကျော် အဲမျိုးဆုတ်ပေးရတော့ရှိတယ်၊ အကျယ်ကြီးတော့ မဟုတ်ဘူး။”
စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်တွေဘက်က ဒီဇင်ဘာလ ကတည်းကနေ မြို့ပတ်ဝန်းကျင်အနားထိ ပြန်ရောက်ရောက်ရှိလာပြီးနောက် မြို့ထဲကို ပြန်လည်ထိုးစစ်ဆင်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ မြေပြင်တွေကို အသေခံ ဒရုန်းတွေ အများအပြား အသုံးပြုတိုက်ခိုက်နေသလို လေကြောင်းကနေလည်း မြို့ထဲနဲ့ မြို့ပတ်ဝန်းကျင်ကို နေ့စဉ် တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “အရင်လိုပါပဲ ဒရုန်းတွေ၊ အသေခံဒရုန်းတွေနဲ့ ဝင်တိုက်တယ်၊ လေကြောင်းကနေ ဗုံးကြဲတာတွေရှိတယ်။ မြို့ထဲကော၊ မြို့ပတ်ဝန်းကျင်ကိုကော လေယာဉ် နဲ့ ကြဲတာတွေရှိတယ်၊ ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ သိမ်းပိုက်ရရှိထားတာဖြစ်ပြီးတော့ စစ်ကောင်စီ နဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။


