Home
မြန်မာသတင်း
စစ်တွေက မွတ်ဆလင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
January 16, 2026

ရခိုင်ပြည် စစ်တွေမြို့နယ် ဖွဲ့ရာကုန်းကျေးရွာက မွတ်ဆလင်အမျိုးသား ၄ ယောက်ကို ဇန်နဝါရီ ၁၄ ရက် မနက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီဝန်းကျင်းမှာ စစ်တွေမြို့အခြေစိုက် အမှတ် ၃၆ ရဲတပ်ရင်း တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ စစ်တွေမြို့ခံ မွတ်ဆလင်အမျိုးသားတယောက်က ပြောပါတယ်။

“ဖွဲ့ရာကုန်းရွာက ကျေးရွာသား ၄ ဦး ဖမ်းဆီးခံရတာကတော့ ကျနော်တို့လည်း သိထားရတယ်။ လာဖမ်းသွားတာကတော့ တက္ကသိုလ်အနီးမှာရှိတဲ့ ရဲတပ်ရင်းက လာဖမ်းတာလို့ သိရတယ်။ ဘာကြောင့် ဖမ်းတာ၊ ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာကတော့ မသိရသေးဘူး။ အရင်ကလည်း ကျနော်တို့ မွတ်ဆလင်တွေကို ဖမ်းဆီးထားတာတွေရှိတယ်။”

စစ်ကောင်စီက ဖမ်းဆီးသွားသူတွေမှာ ဖွဲ့ရာကုန်းကျေးရွာက ရော်ရှိန် (၃၅ နှစ်)၊ ဟူဆောန်အာမောက် (၃၇နှစ်)၊ ဟာဆင် (၃၀ နှစ်) နဲ့ အီဆူ (၆၀နှစ်)တို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်ကလည်း စစ်တွေမြို့နယ်၊ ပလ္လင်ပြင်မွတ်ဆလင်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တွေကို ဖမ်းဆီးတာ၊ ငွေညစ်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြဆဲဖြစ်ပြီး မွတ်ဆလင်တွေကိုလည်း အာရက္ခတပ်တော်နဲ့ ဆက်သွယ်တာတွေမလုပ်ဖို့ စစ်ကောင်စီက သတိပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013