
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ခေါင်းဆောင် ဒေါ်သက်သက်ခိုင်ကို ခေါ်ယူစစ်ဆေးတာက ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူနိုင်ဖွယ်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လိုမျိုး ဖျက်သိမ်းဖို့ထိရည်ရွယ်ထားတာ ဖြစ်နိုင်ကြောင်း ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။
ဇန်နဝါရီ ၁၃ ရက် ညပိုင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုကော်မတီဝင် ဒေါ်ထက်ထက်လှိုင်တို့ ၂ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ၁၄ ရက် ညပိုင်းမှာ ပြန်လွတ်လာကြောင်း သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်အကြောင်းကြားတာမရှိဘဲ နိုင်ငံခြားသံရုံး တာဝန်ရှိသူတွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တဲ့အတွက် ခေါ်ယူစစ်ဆေးတာ ဖြစ်သလို ဥပဒေနဲ့အညီ အရေးယူသွားမှာလို့ အဲဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ပါ အကြောင်းအရာတွေအရ သံရုံးတာဝန်ရှိသူတွေနဲ့ ဒေါ်သက်သက်ခိုင် တို့ဟာ ဒီဇင်ဘာ ၁၈ ရက်မှာ တွေ့ဆုံခဲ့ပြီး ရွေးကော်က ဒီဇင်ဘာ ၂၂ ရက်မှာ ခွင့်ပြုချက်မရှိဘဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နဲ့အညီ အရေးယူမယ်လို့ ပါတီကို သတိပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဖော်ပြပါရှိတဲ့ အကြောင်းအရာတွေအရ PPP ပါတီကို ဖျက်သိမ်းဖို့ထိ ရည်ရွယ်တာ ဖြစ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေတယောက်က သုံးသပ်ပါတယ်။
“ပုဒ်မ-၁၂ အရ ရွေးကောက်ပွဲကော်မရှင်က ပါတီတခုကို မှတ်ပုံတင်တာ လက်ခံနိုင်သလို ပါတီမှတ်ပုံခြင်းကိုလည်း ဖျက်သိမ်းနိုင်တယ်ဆိုတာ ဒီဥပဒေပုဒ်မ ၁၂ အရ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာကို ပြောချင်တာ။ ဒီဥပဒေပုဒ်မ ၁၂ အရ PPP ပါတီကို မှတ်ပုံတင်ခြင်းက ဖျက်သိမ်းလို့ရတယ်။ ဒီပါတီ မှတ်ပုံတင် ဖျက်သိမ်းလိုက်တယ်ဆိုရင် ဒီပါတီက ပျက်သွားမှာ။ ပါတီပျက်သွားပြီ ဆိုတာနဲ့ လက်ရှိ ရွေးကောက်ပွဲမှာ ရွေးကောက်ခံထားတဲ့သူတွေ၊ နောက် ဒီပါတီရဲ့ ရပ်တည်မှု ဒါတွေဟာ ဥပဒေပြဋ္ဌာန်းချက်တွေအရ ကိုယ်စားလှယ်တွေမှာ သုံးစွဲခွင့် ရှိမရှိပေါ့။ ဥပမာ NLD ပါတီဖြစ်သလို အလုပ်ခံလိုက်ရတဲ့သဘောပဲ။”
စစ်ကောင်စီနဲ့ နီးစပ်သူတယောက်ကတော့ စစ်တပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကို ဦးတည်ပြီး ဝေဖန်ခဲ့တဲ့ ဒေါ်သက်သက်ခိုင်ရဲ့ စကားကြောင့် ခေါ်ယူစစ်ဆေးတာ ဖြစ်သလို ဒီအတွက်ကြောင့်ပဲ အရေးယူခံရနိုင်တယ်လို့ DVB ကို ပြောပါတယ်။
“P သုံးလုံးပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ‘တပ်မတော်ဟာ အုပ်ချုပ်သူလည်း ဖြစ်တယ်၊ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်တယ်ဆိုတာ ကစားပွဲမှာ ဒိုင်လည်း လုပ်တယ်၊ ဝင်လည်းပြိုင်တယ်’ ဆိုတဲ့ ပြောစကားပေါ့။ အဓိကကတော့ ရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးလို့ ပြောလိုက်တဲ့ အတွက်ကြောင့် အခုလို ခေါ်ယူစစ်ဆေးခံရတာပေါ့။ ဒါပေမဲ့ ခေါ်ယူပြီး ဒါပြောလို့ ဒီလိုခေါ်ရတာပါလို့ မပြောချင်တော့ ရွေးကောက်ပွဲဥပဒေကို ခေါင်းစဉ်တပ်လိုက်တာပေါ့။ ဒေါ်သက်သက်ခိုင် ဆိုတာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်လွန်းလို့၊ လွှတ်တော်မှာ ပါချင်လွန်းလို့ ဝင်ပြိုင်တာ၊ သူ အဖြုတ်ခံရတော့လည်း သူ့ပါတီအနေနဲ့ ဆက်ပြိုင်တယ်။ ဒီလို ပါတီတခုက ဒီဥပဒေတွေ မသိဘဲ ချိုးဖောက်တယ် ဆိုတာမျိုးကလည်း နည်းနည်းထူးဆန်းပါတယ်။”
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်တုန်းက ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို “သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ) ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသောကြောင့်” လို့ဆိုပြီး စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်ခဲ့ပါတယ်။
ဝေဝေ


