
နိုင်ငံကူးလက်မှတ် PJ ပတ်စ်ပို့ ကိုင်ဆောင်သူတွေနဲ့ CI ကိုင်ဆောင်ထားသူတွေ လေဆိပ်ဆိုက်ရောက်ကောင်တာမှာ သတင်းပို့ခဲ့မှ ပြန်လည်ထွက်ခွာခွင့်ပေးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ အသိပေး ထုတ်ပြန်ပါတယ်။
အဲဒီလို ပြည်ပကနေ ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက ဖွင့်ထားတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ကောင်တာမှာ မဖြစ်မနေ သတင်းပေးပို့ရမယ်လို့ ဆိုပါတယ်။
အဲဒီလို ပြန်လည်ဝင်ရောက်လာသူတွေက ပြန်လည်ထွက်ခွာမယ်ဆိုရင် ဆိုက်ရောက်ကောင်တာမှာ သတင်းပေးပို့ခဲ့သူတွေကိုပဲ ခွင့်ပြုသွားမှာလို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ပြည်ပထွက်မဲ့အလုပ်သမားတွေကို ထွက်ခွာခွင့်ပြုတဲ့စာရင်းထဲပါမှ ထွက်ခွာခွင့်ပေးမယ်လို့ ဇန်နဝါရီ ၁၁ရက်မှာ ညွှန်ကြားခဲ့ပြီးနောက် အခုနောက်ထပ်ညွှန်ကြားချက် ထပ်ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။
အခုလို အလုပ်သမားတွေ ပြည်ဝင်၊ ပြည်ထွက် ကိစ္စရပ်အပေါ် စစ်ကောင်စီက ပိုပြီး ထိန်းချုပ် တင်းကျပ်လာတဲ့အတွက် ပြန်လည်ဝင်ရောက်မဲ့သူတွေ ပိုနည်းသွားနိုင်တယ်လို့ ဂျပန်ရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
“မူဝါဒက မငြိမ်ဘူး။ ပိုပြီး တင်းကျပ်နေတာက သိပ်အလားအလာမကောင်းဘူး။ အချိန်မရွေး အပြီးထွက်ခွင့်ပိတ်တာမျိုး ဖြစ်နိုင်တာလေ။ အဲဒီတော့ အလည်ပြန်ဖို့ ပိုစဥ်းစားကြမှာပဲ။”
အဲဒီလို ပြည်ပထွက် အလုပ်လုပ်မဲ့အပေါ် တင်းကျပ်တာအပြင် စစ်မှုထမ်းရမဲ့ အသက်အကျုံးဝင်တဲ့ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ယောကျ်ားလေးတွေကို ပြည်ပထွက်ခွင့်ပိတ်တာ၊ အေဂျင်စီ တခုချင်းအလိုက် စေလွှတ်ခွင့် လုပ်သားအရေအတွက် ကန့်သတ်တာ၊ အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင်လွှဲပို့ဖို့နဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့ ဖိအားပေး စေခိုင်းတာတွေလည်း ရှိနေပါတယ်။


