
စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းရှိ တိုက်ပွဲဖြစ်ရာ မြို့နယ်တွေကနေ စစ်ဘေးရှောင်လာတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပေးတဲ့ထောက်ပံ့ကြေး ကျပ် ၂၀,၀၀၀ ကို တိုင်းထွေအုပ်က မပေးတာကြောင့် ဝန်ထမ်းတွေ စုပြီးတိုင်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင်က စစ်ဘေးရှောင်လာသူတွေကို ၂ဝ၂၅ ခုနှစ် ဇန်နဝါရီကစလို့ လစဥ်ထောက်ပံ့ကြေး ကျပ် ၂၀,၀၀၀ ပေးခဲ့ပေမဲ့ မန္တလေးတိုင်းအတွင်းမှာ စစ်ဘေးရှောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အနေနဲ့ တကြိမ်မှ မရဘူးလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“စဥ့်ကူးကနေ ချမ်းအေးသာစံကို စစ်ရှောင်လာတယ်။ နေစရာလည်း စီစဥ်မပေးဘူး။ ထောက်ပံ့ကြေးလည်း မပေးဘူး။ မရလို့ ထွေအုပ်ကို စာတင်တော့ မသိချင်ဟန်ဆောင်နေတယ်။ စစ်ရှောင်လည်း အလုပ်ကတော့ လုပ်ပေးနေတာပဲ။ ကိုယ်တယောက်တည်း ဖြစ်နေတာလား ဆိုတော့ မဟုတ်ဘူး။ မန္တလေးမှာ စစ်ရှောင်နေတဲ့ ဝန်ထမ်းတိုင်းကို မပေးတာ စာရင်းတော့ ပါတယ် ပိုက်ဆံမပေးတာ။”
၂၀၂၅ ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ တံတားဦး၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ပုသိမ်ကြီးမြို့နယ်တွေမှာ စစ်ဘေးရှောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လစဥ်ထောက်ပံ့ကြေးငွေတွေကို တိုင်းထွေအုပ်က ထုတ်စားနေတာကြောင့် ဝန်ထမ်းတွေစုပြီး တိုင်ကြားခဲ့တာလို့ ဖြစ်စဥ်သိသူတယောက်က ပြောပါတယ်။
“စစ်တပ်ကနေ အရပ်ဘက်ကို ရောက်လာတဲ့ထွေအုပ်ကလူတွေ ဘယ်လောက်ဆိုးလဲဆိုရင်၊ စစ်ဘေးရှောင်ဝန်ထမ်းတွေရဲ့ ထောက်ပံ့ကြေးတောင် အထာမထားဘူး။ ဖြတ်စားတာ တလ ကျပ် ၂၀,၀၀၀ နဲ့ တနှစ်စာဆို ၂၄၀,၀၀၀၊ မရတဲ့သူ ငါးဆယ်၊ ခြောက်ဆယ်လောက် ရှိတယ်။ အဲဒီလူတွေစုပြီး တိုင်းထွေအုပ်ကို တိုင်ထားတယ်။”
စစ်ရှောင်ဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းရှိ စစ်ဖြစ်ရာ မြို့နယ်တွေကနေ တံတားဦး၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ပုသိမ်ကြီးမြိုနယ်တွေမှာ စစ်ရှောင်နေကြတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းအတွင်းမှာ စစ်ဘေးရှောင်ဌာနဆိုင်ရာ ဝန်ထမ်း အပါအဝင် အရပ်သားပြည်သူ ၆,၀၄၅ ယောက် ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့သတင်း အချက်အလက်တွေအရ သိရပါတယ်။


