ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်တိုက်ပွဲနဲ့ အာရှလမ်းမကြီး တိုက်ပွဲတွေကနေ စစ်ဘေးရှောင်လာနေကြရတဲ့ ပြည်သူတွေ စားဝတ်နေရေး ခက်ခဲနေကြပြီး ဆန်ပြတ်လပ်နေတယ် လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေဆီကနေ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ရက်ရှည် ရှောင်တိမ်းနေကြရတာဖြစ်ပြီး စစ်ဘေးရှောင်အရေး ကူညီပေးသူတွေ ရှိပေမဲ့ မိသားစုလူဦးရေ ၃၀၀ စာအတွက် ဆန်အခက်အခဲ ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ မရည်ရည်ဝင်းက “ကော့ကရိတ် တိုက်ပွဲတွေ၊ အာရှလမ်းမကြီးဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေဘက်က စစ်ရှောင်လာနေရသူတွေပါ။ ရက်တွေ လတွေ ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာနေကြတာ။ တောထဲအထိ သွားကူညီနေတာ။ အလှုရှင်တွေ ရှိရင်ရှိသလို သွားပေးနေတာ။ ခုလောလောဆယ်မှာ မိသားစုဝင် ၃၀၀ လောက်အတွက် ဆန်အဓိက လိုအပ်နေသေးတာ” လို့ ပြောပါတယ်။
လက်ရှိမှာ မိသားစု တစုအတွက် ဆန် ၁၅ ကီလိုတအိတ်၊ ဆီတဘူး၊ ငါးသေတ္တာနဲ့ ငါးခြောက်၊ စောင်တို့ကို ဇန်နဝါရီ ဒုတိယအပတ်မှာ သွားရောက်ကူညီခဲ့ပြီး စစ်ရှောင်ဦးရေက အယောက် ၁,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်ဒေသ အသီးသီးကနေ စစ်ပွဲတွေကြောင့် နေရပ်မပြန်နိုင်ကြဘဲ တောထဲက နေရာတချို့မှာ စစ်ဘေးရှောင်နေကြသူတွေ အများအပြားရှိနေတာဖြစ်ပြီး စားဝတ်နေရေး အခက်အခဲတွေ ရှိတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။







