
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို ဝင်ရောက်နေတဲ့ စစ်ကြောင်းက အမျိုးသမီး ၄ ယောက်ကို အဓမ္မပြုကျင့်ခဲ့သလို ရွာသားတွေကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဝက်လက်နယ်ထဲရောက်နေတဲ့ စစ်ကြောင်းက အင်ဒေါင်းရွာထဲ ဝင်ရောက် အထိုင်ချထားတဲ့အချိန် ဇန်နဝါရီ ၂ ရက်က အင်ဒေါင်းရွာက အမျိုးသမီး ၃ ယောက်နဲ့ မင်းရွာတောင်ရွာက အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒေါင့်ရွာက ကျူးလွန်ခံရသူ အမျိုးသမီးတွေကိုတော့ စစ်ကောင်စီတပ်သားတွေက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်တားဆေးတွေ ထိုးပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းရွာတောင်ရွာက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးကတော့ အသက် ၅၇ နှစ်အရွယ်ရှိပြီး စစ်ကြောင်းဝင်လာချိန်မှာ ဖမ်းဆီး အဓမ္မပြုကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကျူးလွန်ခံရသူဟာ အိမ်မှာ တယောက်တည်းနေသူဖြစ်ပြီး ကျန်မာရေးမကောင်းသူ ဖြစ်သလို အဓမ္မပြုကျင့်အပြီး စစ်ကောင်စီတပ်သားတွေက ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ တရွာတည်းနေသူတယောက်က ပြောပါတယ်။
“အသက်ကလည်း ၅၇ နှစ်ဆိုတော့ ညီမရယ်၊ သူကလည်း ရွာသူရွာသား ထွက်တဲ့အချိန်ဆိုတော့ သူက ပြန်ဝင်တဲ့အချိန် ဖြစ်သွားတာ။ ရွာက လူက တယောက်မှမရှိတော့ဘူးလေ။ စစ်ကြောင်းပဲ ရှိတော့တာဆိုတော့ စစ်ကြောင်းနဲ့ သူနဲ့ ထိပ်တိုက်တွေ့သွားတာ၊ စစ်ကြောင်းထွက်သွားလို့ ရွာသားတွေ ရွာကိုဝင်ရှင်းတဲ့အချိန်မှတွေ့တာ ဒဏ်ရာအခြေအနေကတော့ အောက်ပိုင်းအခြေအနေက သိပ်ပြီး လမ်းမလျှောက်နိုင်ဘူး၊ အပေါ်အခြေအနေက သူတို့ ဒင်နဲ့ စောင့်သွားတာ မျက်လုံးကြီးကို ဖူးလို့ယောင်ကားနေတာ။ ခေါင်းတွေကလည်း ပေါက်ပြဲလို့ ထုထားတာဆိုတော့ မထူနိုင်ဘူးပေါ့၊ လွတ်တဲ့နေရာလေးရှာပြီး ဆေးကုပေးနေတာပေါ့။”
စစ်ကြောင်းက အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့အပြင် အင်ဒေါင်းရွာသား အမျိုးသား ၉ ယောက်ကိုလည်း ဖမ်းဆီးသွားပြီး လက်ရှိမှာ ကမ်းဖြူရွာကို ရောက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် အမျိုးသမီးတွေကိုပါ အခုလို မုဒိမ်းကျင့်ပြီး လူမဆန်တဲ့လုပ်ရပ်တွေကို ကျူးလွန်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။
ဝက်လက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အင်ဒေါင်းတို့၊ မင်းရွာတောင်တို့ အဲ့နှစ်ရွာမှာဖြစ်တာလေ။ အင်ဒေါင်းကတော့ များတယ်၊ မင်းရွာတောင်ကတော့ နည်းတယ်။ အကုန်လုံး တယောက်မှ မလွတ်ဘူး။ တယောက်ကို လေး ငါးဆယ်ယောက် အဲ့လိုမျိုး ဝိုင်းပြီး ဟိုဟာလုပ်ကြတာ။ ကျနော့်အနေနဲ့ကတော့ဗျာ၊ ဒါကြီးကတော့ သူတို့ သက်သက်ကြီး မိုက်ရိုင်းတာပေါ့ကွာ။ အဲဒီ မင်းရွာတောင်က တယောက်ဆို စိတ်သိပ်မမှန်ဘူး။ ကျန်တဲ့သူတွေကတော့ လူငယ်ပိုင်းလေးတွေရော ဘာတွေရော အမျိုးသမီးတွေ။ အင်ဒေါင်းက လူတွေက ခံလိုက်ရတာပေါ့။ သူတို့လုပ်ပုံတွေကတော့ ဒီလောက်ကြီးတော့ မလုပ်သင့်ဘူးပေါ့၊ သက်သက်ကြီးကို ဒီကောင်တွေက ယုတ်တယ်” လို့ ပြောပါတယ်။
စစ်တပ်က ဝက်လက်မြို့နယ်ထဲကို စစ်ကြောင်းထိုး လေကြောင်းတိုက်ခိုက်နေတာဖြစ်ပြီး ဇန်နဝါရီ ၆ ရက် မနက်မှာလည်း ဝက်လက်နယ်အရှေ့တောင်ခြမ်း ပေါက်ကံဘူတာဘောလုံးကွင်း အနောက်ဘက်ကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်ခဲ့တဲ့အတွက် လသားအရွယ် ကလေးငယ် တယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းစကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ ၄၉၂ မှု ကျူးလွန်ခဲ့တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
သီရိ


