
မိုးကုတ်အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်း ကျောက်ရှာသူ (ဒေသအခေါ် ခနဲဆေးသူ) ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး ငွေတောင်းခဲ့တယ်လို့ မြို့ခံ မျက်မြင်သက်သေတယောက်က DVB ကို ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကျောက်ရှာနေသူတွေဆီ ကားအကြီး ၅ စီး လောက်နဲ့ ရောက်ရှိလာပြီး ဖမ်းဆီးငွေတောင်းကာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
“ခနဲဆေးဆယ် ဆိုတာက ရေစီးနဲ့ပါလာတဲ့ ကျောက်တွေ မျောလာတာကို ဆန်ခါနဲ့ စစ်ပြီး စုတာဗျ။ ကျောက်တွင်းတွေကနေ စီးဆင်းလာတဲ့ရေတွေ ဆိုတော့ဗျ။ စက်တွေ၊ ပစ္စည်းတွေ သိမ်းသွားတယ်ဗျ။ လူပဲ လွှတ်ပေးလိုက်တာဗျ။ မြင်တာတော့ ၁၀၀ ကျော်လောက် ရှိမယ်။ တယောက်ကို သိန်းဂဏန်း ပိုက်ဆံတောင်းပြီးတော့ ပြန်လွှတ်တာတဲ့၊ ရိုက်တာ၊ နှက်တာတော့ မတွေ့ရဘူး။ မြို့ထဲမှာလည်း ဒီနေ့စစ်နေတယ်။ ဖုန်းပါ ယူစစ်တယ်လို့ ပြောတယ်” မျက်မြင်သက်သေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကလည်း အဲဒီကျောက်ရှာနေသူ (ခနဲဆေးသူ) တွေကို စစ်တပ်က ဆက်မလုပ်ဖို့ ပြောခဲ့ပြီး အခုတခါမှာတော့ ဖမ်းဆီးငွေတောင်းကာ ထပ်တွေ့ရရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ကာ ပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီ ၅ ရက်နေ့မနက်ပိုင်း၊ မိုးကုတ်အရှေ့ပိုင်းက လမ်းဆုံနေရာတွေမှာ လမ်းသွား၊ လမ်းလာတွေကို စစ်ဆေးငွေတောင်းတာတွေ လုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဆိုင်ကယ်ဘောက်တွေ ဖွင့်စစ် ဘယ်သွားမှာလဲတွေ မေးတယ်ဗျ။ ဖုန်းထဲက ဓာတ်ပုံတွေ အစစ်ခံရသူလည်း ရှိတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ထဲ ဌာနဆိုင်ရာဝန်ထမ်းတွေ မရောက်လာသေးပေမဲ့ အခုလိုမျိုး စစ်ကောင်စီတပ်က စစ်ဆေး၊ ဖမ်းဆီး၊ ငွေတောင်းတာတွေ စလုပ်လာတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကလည်း လယ်ဦး ရတနာသီရိကျောင်းဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သံဃာတစ်ပါးနဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


