
ထိုင်းနိုင်ငံ၊ ပရကျူပ်ခီရီခန်ခရိုင်၊ ဟွာဟင်မြို့ ပင်လယ်ကမ်းခြေဟိုတယ်တခုမှာ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းက ဟိုတယ်ဧည့်ကြိုဝန်ထမ်း အမျိုးသမီးကို သံတုတ်နဲ့ရိုက်သတ်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ် လုယူသွားတဲ့ လူဆိုးကို ရဲတွေက အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့မနက် ၃ နာရီလောက်က ညဂျူတီတာဝန်ကျ ဟိုတယ်ဝန်ထမ်းအမျိုးသမီးဟာ ဧည့်ကြိုကောင်တာမှာ စားပွဲပေါ် ခေါင်းမှောက်ပြီး အိပ်နေချိန် အမျိုးသားတယောက်က ကောင်တာနား ရောက်လာပြီး သူ့ကို ကြည့်နေတယ်။ အဲဒီနောက် အပြင်ထွက်သွားပြီး ပြန်ဝင်လာကာ ဧည့်ကြိုဝန်ထမ်း အိပ်ပျော်ခြင်း ရှိ၊ မရှိ သေချာအောင် အနီးကပ်သွားကြည့်တယ်။ သေချာပြီထင်ပြီး ကောင်တာကို ကျော်ခွကာ အမျိုးသမီးကို အနောက်ကနေ သံတုတ်နဲ့ အချက်များစွာ ထုနှက်တယ်၊ အမျိုးသမီး လဲကျသွားတော့ သူ့ရဲ့ ဖုန်း ၂ လုံးနဲ့ ပိုက်ဆံအိတ်ယူပြီး ပြန်ထွက်သွားတယ်၊ အဆိုပါဖြစ်စဉ်ကို စီစီကင်မရာထဲမှာ အထင်းသား မြင်နေရပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးကြည့်ရှုရာမှာ အသတ်ခံရသူ ဝန်ထမ်းမှာ နန်းဆောင်ဝိရင်း (၃၅ နှစ်) ဖြစ်ပြီး လူသတ်သမားမှာ နိုင်းရတ်သီကွန်း (၃၈ နှစ်) ဖြစ်တယ်။ နိုင်းရတ်သီကွန်းဟာ အရင်ကလည်း လုယက်မှု၊ မုဒိမ်းမှုတွေနဲ့ ထောင်ကျဖူးသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ မိန်းမလျာလိုလည်း ဝတ်စားဆင်ယင်ပြီး ရုပ်ဖျောက် နေထိုင်တတ်တာကြောင့် ထွက်ပြေး လွတ်မြောက်နေတဲ့ သူ့ကို ရှာဖွေဖမ်းဆီးဖို့ ခဲယဉ်းမယ်လို့ ထင်ကြေးပေးနေကြပါတယ်။
ရဲတပ်ဖွဲ့ကလည်း သူ့ကို ဖမ်းဆီးရမိဖို့ အပူတပြင်း ပိုက်စိပ်တိုက် ရှာဖွေနေပြီး ဒီကနေ့ ဇန်နဝါရီ ၂၀ နောက်ဆက်တွဲသတင်းအရ ဟွာဟင်မြို့နယ် နောင်ခွန်ရွာဘက်မှာ ပုန်းအောင်းနေကြောင်း သတင်းရလို့ ရဲတွေက အဲဒီဘက်ကို သွားရောက်စစ်ဆေးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ညဂျူတီကျ ဟိုတယ်ဧည့်ကြိုဝန်ထမ်းတွေကြား ပိုမိုစိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်နေပြီး လုံခြုံရေးအတွက် စိတ်ချရအောင် စီမံဆောင်ရွက်သင့်ကြောင်း လူမှုကွန်ရက်တွေမှာ ဝေဖန်အကြံပြုနေကြပါတယ်။
Source: Khaosod / Thairath News


